ကျွန်းလှမြို့နယ် လူထုဗဟိုပြုစီမံကိန်း ဒုတိယနှစ်စက်ဝန်းတွင် လုပ်ငန်းခွဲပေါင်း (၁၁၂)ခု အကောင်အထည်ဖော် ဆောင်ရွက်မည်

ကျွန်းလှ  ၁၉   စက်တင်ဘာ   


စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းဆောင်ရွက်သော လူထုဗဟိုပြုစီမံကိန်း ဒုတိယနှစ်စက်ဝန်းတွင် လုပ်ငန်းခွဲပေါင်း(၁၁၂)ခုအား အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း လူထုဗဟိုပြုစီမံကိန်းရုံးမှ သိရသည်။


လူထုဗဟိုပြုစီမံကိန်း ဒုတိယနှစ်စက်ဝန်းတွင် ကျေးရွာအုပ်စု(၃၄)အုပ်စု/ကျေးရွာပေါင်း(၁၀၅)ရွာမှ ဒေသခံပြည်သူများဆန္ဒအရ တင်ပြတောင်းဆိုသော ဖွံ့ဖြိုးလုပ်ငန်းများကို မြို့နယ်စီမံကိန်းရေးဆွဲနှင့် အကောင်အထည်ဖော်ရေး ကော်မတီကအတည်ပြုထားသော လုပ်ငန်းခွဲပေါင်း(၁၁၂)ခုအား စက်တင်ဘာ ဒုတိယအပတ်မှ စတင်ဆောင်ရွက်ကြောင်း နည်းပညာအကြံပေး အဖွဲ့ခေါင်းဆောင် ဒေါ်လှချောအေးက ပြောကြားသည်။


အဆိုပါ ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သော ကျေးရွာတွင်း လမ်းခင်းခြင်းလုပ်ငန်း (၇၇)ခု/ အုတ်စီရေမြောင်းလုပ်ငန်း ငါးခု/ ရေပိုက်သွယ်တန်းခြင်း လုပ်ငန်းတစ်ခု/ ဘက်စုံသုံးခန်းမတည်ဆောက်ခြင်း သုံးခု/ မြေသားမိုးရေလှောင်ကန်ပြုပြင်ခြင်း လုပ်ငန်းတစ်ခု/ စာသင်ကျောင်းဆောင် အသစ်တည်ဆောက်ခြင်း လုပ်ငန်းသုံးခု/ စာသင်ကျောင်းပြုပြင်ခြင်း လုပ်ငန်းသုံးခု/ စာသင်ကျောင်းခြံစည်းရိုးကာရံခြင်း လုပ်ငန်းသုံးခု/ ကျန်းမာရေးစောင့်ရှောက်မှု အဆောင်တည်ဆောက်ခြင်း လုပ်ငန်းတစ်ခု/ လျှပ်စစ်မီးတိုးချဲ့သွယ်တန်းခြင်း လုပ်ငန်း (၁၅)ခု တို့ကို ဆောင်ရွင်မည်ဖြစ်ကြောင်း သိရသည်။

 

မျိုးဝင်းညို (ကျွန်းလှ)