ကန်ကြီးထောင့်မြို့နယ်တွင် ညစဉ်တိုင်းလုံခြုံရေး လှည့်ကင်းများဆောင်ရွက်လျက်ရှိ

ကန်ကြီးထောင့်  ၂၂   ဧပြီ 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု မရှိစေရေးနှင့် အချိန်မီထိန်းသိမ်းနိုင်ရေးအတွက် ညမထွက်ရ ဒေသန္တရအမိန့်ထုတ်ပြန်ခဲ့သည့်နေ့မှစ၍ ပူးပေါင်းစစ်ဆေးရေး အဖွဲ့များဖြင့် ညစဉ်တိုင်း မြို့နယ်အတွင်း လုံခြုံရေးလှည့်ကင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လုံခြုံရေးလှည့်ကင်းများ ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလေးမြင့်နှင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်စိုးတို့ ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များ၊မီးသတ်တပ်ဖွဲ့ဝင်များ၊ ကိုဗစ်-၁၉ ကာကွယ်ရေးကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းအဖွဲ့မှ မြို့အဝင်၊အထွက်နေရာများ၊ မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာများနှင့် လမ်းဆုံ၊လမ်းဂွများတွင် ည ၁၀ နာရီမှ နောက်တစ်နေ့ နံနက် ၄ နာရီအချိန်အတွင်း ယာဉ်များ၊လူများသွားလာမှုမရှိစေရေးနှင့် နယ်မြေလုံခြုံရေးတို့အတွက် လှည့်ကင်း၊ ရပ်ကင်း၊ဝပ်ကင်းအဖွဲ့များဖြင့် လှည့်လည်စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

"ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု မရှိစေရေးနှင့် အချိန်မီထိန်းသိမ်းနိုင်ရေးအတွက် အများပြည်သူ အကျိုးငှာ ဌာနဆိုင်ရာတာဝန်ဖြင့် သွားရောက်သူများ၊ ကျန်းမာရေးကိစ္စ၊ နာရေးကိစ္စဆောင်ရွက်သူများမှအပ အခြားမည်သူမဆို ည ၁၀ နာရီမှ နောက်တစ်နေ့ နံနက် ၄ နာရီအတွင်း အပြင်မထွက်ရန် ဒေသရအမိန့် အမှတ် (၁/၂၀၂၀)ကို ဧပြီ ၁၈ ရက်နေ့က ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ ပြည်သူတွေ ဒေသန္တရအမိန့်ကို စည်းကမ်းတကျလိုက်နာမှုရှိစေရေး၊ မြို့နယ်အတွင်းလုံခြုံရေးနှင့် မူခင်းများမဖြစ်ပွားစေရေးတို့အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များပါဝင်တဲ့ ပူးပေါင်းစစ်ဆေးရေးအဖွဲ့များဖြင့် မြို့ပေါ်ရပ်ကွက်များနဲ့ကျေးရွာများမှာ ညစဉ်တိုင်း လုံခြုံရေးလှည့်ကင်းများကို ဆောင်ရွက်လျက်ရှိကြောင်း" မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်ထံမှ သိရသည်။

နန်းထိုက် (ပြန်/ဆက်)