ကြံခင်းမြို့နယ် စိမ်းလန်းစိုပြည်ရေးအတွက် မိုးရာသီစိုက်ပျိုးနိုင်ရန် သစ်ပင်မျိုးစုံ ၁၂၀၇၀ဝ ပြုစုပျိုးထောင်ပြီး ပြည်သူများလက်ဝယ်သို့ အခမဲ့ဖြန့်ဝေ

ကြံခင်း ၂၁ ဇွန်

 

ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ် စိမ်းလန်းစိုပြည်စေရေးအတွက် မိုးရာသီစိုက်ပျိုးနိုင်ရန် သစ်ပင်မျိုးစုံ ၁၂၀၇၀ဝ ပြုစုပျိုးထောင်ထားပြီး ယမန်နေ့က ကြံခင်းမြို့ပေါ်တွင် ကားဖြင့် ပြည်သူများလက်ဝယ်သို့ အခမဲ့ ဖြန့်ဝေပေးကြောင်း သိရသည်။

 

ကြံခင်းမြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ မိုးရာသီကာလတွင် ကြံခင်းမြို့နယ်အတွင်း ပျိုးဥယျာဉ်ဘိနယ် (၆) ခု၌ ပျိုးပင် (၅) မျိုး အပင်ပေါင်း ၁၂၀၇၀ဝ အား လူထုဖြန့်ဝေပေးရန် ပျိုးထောင်ထားရှိကြောင်းနှင့် သဘာဝတောတန်ဖိုးမြှင့် ကျွန်းစိုက်ခင်းဧက (၃၀ဝ)အား ကွင်းအမှတ် (၅၁)တွင် ပျိုးထောင်ထားကြောင်း၊ သစ်တောပြုစုပျိုးထောင်ခြင်း လုပ်ငန်းအနေဖြင့် စီးပွားရေး ကျွန်းစိုက်ခင်း မြောက်မြန်အောင်ကြိုးဝိုင်း ဧက(၃၀ဝ)တွင် ကျွန်းပင်ပေါင်း ၁၆၂၀ဝ၀ စိုက်ပျိုးထားကြောင်း၊ သီးနှံတောရောနှော စိုက်ပျိုးခြင်းလုပ်ငန်းအနေနှင့် မျှင်ဝါးတောင်ကြိုးဝိုင်းတွင် ဧက (၁၀ဝ) စိုက်ပျိုးထားကြောင်း၊ သဘာဝအလျောက်ပေါက်သော ကျွန်းမျိုးဆက်ပင်များအား အုပ်မိုးကာ ဝိုင်းခုတ်လှဲခြင်း၊ ပင်ပူးကွာ ကိုင်းချိုင်ခြင်း၊ အောက်ပေါင်းရှင်းခြင်းများ ဆောင်ရွက်ပေးကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးလှဝင်းက ပြောသည်။

 

မြို့နယ်သစ်တောဉီးစီးဌာနမှ ကြံခင်းမြို့ပေါ်တွင် ကားဖြင့်လှည့်လည်၍ ကျွန်း၊ ယူကလစ်၊ မန်ဂျန်ရှား၊ မဟော်ဂနီ၊ ကံ့ကော် စသည့် ပျိုးပင် ၇၀ဝ အား မြို့နယ် လူထုဖြန့်ပျိုးဉယျာဉ်မှ ပြည်သူများလက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ခြင်းဖြစ်ပြီး ကျန်ဘိနယ် လူထုဖြန့်ပျိုးဥယျာဉ် (၅) ခုအတွင်းရှိ ပျိုးပင်များကိုလည်း ရပ်ကွက်၊ ကျေးရွာ အုပ်စုများသို့ အခမဲ့ ဆက်လက်ဖြန့်ဝေ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

မိုးမိုး (ပြန်/ဆက်)