ကနီမြို့နယ်အတွင်း ဆီးသီးပင် ပန်းပွင့်ရာသီ ပျားရည်ထုတ်လုပ်ငန်းများစတင်

ကနီ  ၁၄  စက်တင်ဘာ 


ဆီးသီးပင်ပန်းပွင့်ရာသီ ပျားရည်ထုတ်လုပ်ရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းနှင့် အခြားတိုင်းဒေသကြီး/ပြည်နယ်များမှ ပျားမွေးမြူရေးလုပ်ငန်းရှင်များ ဝင်ရောက်ကာပျားရည်ထုတ်လုပ်ငန်းများစတင် လုပ်ကိုင်လျက်ရှိကြောင်း ကနီမြို့နယ် ပျားလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးဌေး၏ ပြောကြားချက်အရ သိရသည်။


ယခုနှစ်ဆီးသီးပျားရည်ထုတ်ရာသီတွင် ဒေသခံပြည်သူများနှင့်ခရီးသွားပြည်သူများ အန္တရာယ်မဖြစ်စေရေး ပျားပုံးများကိုလမ်းတစ်ဖက်လျင် ပေ(၅၀)အကွာတွင် ပျားပုံးများချထားမွေးမြူကြရန်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ချမှတ်ပေးထားသော စည်းကမ်းချက်(၁၃)ချက်နဲ့အညီ ကြီးကြပ်ပြီး ဆောင်ရွက်ရန်မှာကြားထားကြောင်းနှင့် ကနီမြို့နယ် ပျားရည်ထုတ်လုပ်ရေး လုပ်ငန်းခွင်သို့ ပျားလုပ်ငန်းရှင်များ ဆက်လက်ဝင်ရောက်လျက်ရှိကြောင်း သိရသည်။


စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဆီးပျားရည်ထုတ်လုပ်ငန်းကို ကနီ၊ ယင်းမာပင်၊ ဘုတလင်နှင့် ဒီပဲယင်းမြို့နယ်တို့တွင် အများဆုံး လုပ်ကိုင်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ လုပ်ငန်းရှင်များသာမက ရှမ်းပြည်တောင်ပိုင်း တောင်ကြီး၊ ရှမ်းပြည်မြောက်ပိုင်း နောင်ချို မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှလည်း ဆီးသီးပင် ပန်းပွင့်ရာသီဖြစ်သော သြဂုတ်လမှအောက်တိုဘာလအထိ လာရောက်မွေးမြူကြကြောင်းနှင့် ကနီမြို့နယ်အတွင်း ဆီးသီးပျားရည်ထုတ်လုပ်ရန်အတွက် ယခုနှစ်လုပ်ငန်းရာသီ စက်တင်ဘာလ ၁၃ ရက်နေ့အထိ လုပ်ငန်းရှင် ၁၀ဝ ခန့်မှ ပျားပုံး  ၃၀ဝ၀ဝ ကျော်ဖြင့် ရောက်ရှိပြီး လုပ်ငန်းများ စတင်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။


ဝင်းဦး(ဇေယျာတိုင်း)

 

bee box