ကင်ညာနိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုကြောင့် လူပေါင်း ၉၀ ထက်မနည်းသေဆုံး

နိုင်ရိုဘီ ဧပြီ ၃၀

အရှေ့အာဖရိကနိုင်ငံ တစ်နိုင်ငဖြစ်သော ကင်ညာ၌ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ရေကြီးခြင်းတို့ကြောင့် လူပေါင်း ၉၀ ထက် မနည်းသေဆုံးခဲ့ပြီး ပျောက်ဆုံးမှု များလည်း ရှိနေသောကြောင့် သေဆုံးသူအရေအတွက် ယခု ထက် ပိုမိုများလာနိုင်ကြောင်း ကင်ညာအာဏာပိုင်များက ပြောကြားလိုက်သည်။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နိုင်ငံတစ်ဝန်း ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။

လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများ၏ ပြောစကားများအရ လျှပ်စီးလက်ပြီး မိုးကြိုးပစ်ခြင်းကို ရှောင်ရှားလိုသည့်အနေဖြင့် လူများသစ်ပင်နောက်တွင် ပုန်းအောင်းနေရာမှတစ်ဆင့် လျှပ်တစ်ပြတ် ရေကြီးမှုများကြောင့် ရေစီးနှင့်မျောပါသွားကြပြီး သေဆုံးသူများ ရှိသလို ဒဏ်ရာရရှိသူများလည်း ရှိကြောင်း သိရသည်။

မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှုများကြောင့် နိုင်ငံတစ်ဝန်း ဒေသတော်တော်များများတွင် လူနေအိမ်များ၊ စာသင်ကျောင်း များနှင့် စီးပွားရေးလုပ်ငန်းများ အပါအဝင်ပစ္စည်းဥစ္စာများ ပျက်စီးဆုံးရှုံးခဲ့သည်။

ကင်ညာအာဏာပိုင်များနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့များက ပြည်သူများကို ရေလွှမ်းမိုးသည့် ဒေသများကိုရှောင်ကြဉ်ရန်နှင့် အမြင့်ပိုင်းဒေသများသို့ ပြောင်းရွှေ့ရန်၊ မိုးသည်း ထန်စွာရွာသွန်းနေချိန် ယာဉ်မောင်း ခြင်းများကိုလည်း မပြုလုပ်ကြရန် တိုက်တွန်းထားသည်။

ဆက်လက်ရေကြီးနစ်မြုပ်မှုများနှင့် မိုးရွာသွန်းခြင်းများကြောင့် ဖြစ်ပေါ်လာသော သဘာဝဘေးဒုက္ခများကို သက်သာစေရန် လိုအပ်သော ဆောင်ရွက်ချက်များကို အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း အစိုးရက ပြောကြားလိုက်သည်။ မိုးလေဝသဌာနက မိုးသည်းထန်စွာရွာသွန်းမှုများ ဆက်လက် ဖြစ်ပွားနိုင်ကြောင်း သတိပေးထားသည်။

နိုင်ငံအနှံ့အပြားတွင် မိုးရွာသွန်းမှုများ ဆက်လက်ဖြစ်ပွားမည် ဖြစ်ကြောင်းနှင့် လာမည့်ရက်များ အတွင်း စီရင်စု ၄၀ ကျော်၌ မိုးသည်းထန်စွာ ရွာသွန်းမည်ဖြစ် ကြောင်း မိုးလေဝသပညာရှင်များက ခန့်မှန်းထားသည်။  မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အိမ်ထောင်စုပေါင်း ၂၄၁၉၆ စု ရွှေ့ပြောင်းနေထိုင်ကြရသည်။  

ဆင်ဟွာ