ကနေဒါတိရိစ္ဆာန်ရုံမှ ပန်ဒါဝက်ဝံများ တရုတ်သို့ ပြန်ပို့

၂ ဒီဇင်ဘာ

 

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုတို့ကြောင့် ဝက်ဝံများကို အစာကျွေးရန် ဝါးအလုံအလောက်မရရှိနိုင်သဖြင့် ကနေဒါတိရစ္ဆာန်ရုံမှ ပန်ဒါဝက်ဝံ အကောင်ကြီး နှစ်ကောင်ကို တရုတ်နိုင်ငံသို့ ပြန်ပို့ပေးခဲ့သည်။

 

အဆိုပါပန်ဒါဝက်ဝံများသည် တရုတ်နိုင်ငံသို့ဘေးကင်းစွာ ရောက်ရှိခဲ့သည်ဟု ကာလ်ဂါရီတိရိစ္ဆာန်ရုံက ဆိုသည်။

 

ပန်ဒါဝက်ဝံအမအမည်မှာ အာရွှန် ဖြစ်ပြီး ဝက်ဝံအထီးမှာ ဒါမာအို အမည် ရှိကြောင်း သိရသည်။

 

ထိုတိရစ္ဆာန်ရုံသည် တရုတ်နိုင်ငံမှ ဝါးတင်သွင်းမှုအပေါ် မှီခိုနေရသည်။ ယင်းကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုသည် လတ်ဆတ်သောဝါးများတင်သွင်းမှုကို အခက်အခဲဖြစ်စေသည်။

 

၎င်းပန်ဒါဝက်ဝံနှစ်ကောင်သည် ပြီးခဲ့သည့် သောကြာနေ့က ကနေဒါနိုင်ငံမှထွက်ခွာခဲ့သည်။ ထိုဝက်ဝံတို့သည် ကနေဒါမှတရုတ်သို့ သွားသည့်ခရီးစဉ်တွင် လေယာဉ်ပေါ်၌ ကီလိုဂရမ် ၂၀၀ ခန့်ရှိ ဝါးနှင့်ပန်းသီးများ စားသုံးခဲ့ကြသည်။ ၎င်းတို့သည် ဂျာမနီနိုင်ငံမှတစ်ဆင့် တရုတ်နိုင်ငံသို့ တနင်္ဂနွေနေ့တွင် ရောက်ရှိခဲ့သည်။

 

၂၀၁၃ ခုနှစ်က နှစ်နိုင်ငံအကြား ၁၀ နှစ် စာချုပ်အရ ပန်ဒါဝက်ဝံများကို တရုတ်နိုင်ငံမှ ကနေဒါနိုင်ငံသို့ ပို့ဆောင်ခဲ့သည်။ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုကြောင့် သတ်မှတ်ထားသည့်နှစ်ထက် သုံးနှစ်စော၍ ပန်ဒါဝက်ဝံများကို ပြန်ပို့ခဲ့ရသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို