ကနေဒါနိုင်ငံသို့ နိုင်ငံတကာခရီးသွားများ လာရောက်ခွင့် ပိတ်ပင်မှု သက်တမ်းတိုးမြှင့်

၁ အောက်တိုဘာ

ကနေဒါနိုင်ငံကို  နိုင်ငံတကာကနေ ဝင်ရောက်လာမယ့် အရေးမကြီးတဲ့ ခရီးစဉ်တွေပိတ်ပင်ထားတဲ့ စည်းမျဉ်းအား  အောက်တိုဘာလကုန်ပိုင်းအထိ တိုးမြှင့်လိုက်ကြောင်း ဗုဒ္ဓဟူးနေ့က ကြေညာလိုက်ပါတယ်။

နွေရာသီပိတ်ရက်အပြီး သန်းနဲ့ချီတဲ့ ကနေဒါနိုင်ငံသားတွေက ကျောင်းတွေနဲ့ အလုပ်တွေကို ပြန်လာစဉ်မှာ ဗိုင်းရပ်စ်ပိုးကူးစက်မှု ဒုတိယလှိုင်း ရောက်ရှိလာကြောင်း ဝန်ခံပြောကြားပြီး ယခုလို သက်တမ်းတိုးရခြင်းဖြစ်ကြောင်း ကြေညာလိုက်တာဖြစ်ပါတယ်။

ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ဝန်ကြီးက အမေရိကန်နိုင်ငံကမဟုတ်တဲ့ နိုင်ငံတကာ ခရီးသွားတွေ ကနေဒါနိုင်ငံသို့ လာရောက်ခွင့် ကန့်သတ်တားမြစ်ထားတဲ့ရက်ကို အောက်တိုဘာ ၃၁ ရက်အထိ တိုးမြှင့်လိုက်ကြောင်း ပြောပါတယ်။

ကနေဒါနိုင်ငံနဲ့ အမေရိကန်နိုင်ငံတို့ရဲ့ ဆက်ဆံရေးဟာ အထူးအခြေအနေမှာ ရှိနေတဲ့အတွက် အရေးကြီးတဲ့ လုပ်ငန်းကိစ္စတွေ ဆောင်ရွက်ရန် လိုအပ်တဲ့ အမေရိကန်နိုင်ငံသားတွေအနေနဲ့ ကနေဒါနိုင်ငံသို့ လာရောက်ခွင့်ရှိကြောင်းနဲ့ အဲဒီသဘောတူညီချက်ဟာလည်း အောက်တိုဘာ ၂၁ ရက်နေ့မှာ သက်တမ်းကုန်မှာ ဖြစ်ကြောင်း သိရပါတယ်။

အရေးကြီးမဟုတ်တဲ့ ကိစ္စတွေအတွက်တော့ အမေရိကန်နိုင်ငံသားတွေလည်း ကနေဒါနိုင်ငံကို  လာရောက်ခွင့်မရှိကြောင်းနဲ့ အဲဒီတားမြစ်ချက်ဟာ မတ်လလယ်ပိုင်းက စတင်ပြီးပြဋ္ဌာန်းထားခဲ့ကြောင်း သိရပါတယ်။

MDN

ကိုးကား - AFP