ကျွန်းစုမြို့တွင်  Mask မတပ်ဆင်ထားသူ (၁၃)ဦးအား စစ်ဆေးဒဏ်ရိုက်အရေးယူ

ကျွန်းစု   ၂   စက်တင်ဘာ 

 

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးနှင့် တုံ့ပြန် ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း လမ်းသွားလမ်းလာပြည်သူများ ပေါ့ဆနေမှုများ မရှိစေ ရေးအတွက် Mask မတပ်ဆင်ထားသူ (၁၃)ဦးအား ငွေကျပ်(၅)ထောင်နှင့်ညီမျှသော Mask ဝယ်ယူစေခြင်း ဖြင့် ဒဏ်ရိုက်အရေးယူခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက အုပ်စု(၂)စုခွဲ၍ ကျွန်းစုမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ မြို့မဈေးအရှေ့နှင့် အမှတ်(၂)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနှင့် ဘုရင့်နောင်လမ်းဆုံတို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဉက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဌေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေး မှူးများက လမ်းသွားလမ်းလာပြည်သူများ Mask တပ်ဆင်အသုံးပြုနေမှု ရှိ/မရှိ ကို စစ်ဆေးခဲ့ပြီး Mask မတပ်ဆင်သူများအား ငွေကျပ်(၅)ထောင်နှင့် ညီမျှသော Maskများ ဝယ်ယူစေခြင်းဖြင့် စစ်ဆေးဒဏ်ရိုက် အရေးယူခဲ့သည်။

 

ထို့နောက် ကိုဗစ်-၁၉ ရောဂါသည် မြန်မာနိုင်ငံတွင်လည်း ကူးစက်မှုနှုန်း မြင့်မားနေ၍ ပြည်သူများအနေဖြင့် မပေါ့ဆကြရန်၊ ကုသခြင်းထက် ကြိုတင်ကာကွယ်ခြင်းက ပိုမိုထိရောက်သဖြင့် အပြင်ထွက်ပါက Mask တပ်ဆင်အသုံးပြု ရန်  ပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

 

စည်သူရအောင်(ကျွန်းစု)