ကျွန်းစုမြို့နယ်တွင် မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် အဆောက်အဉီအချို့နှင့် လူနေအိမ်များ ပြိုကျပျက်စီးမှုဖြစ်ပွား

ကျွန်းစု ၃  ဩဂုတ်

 

မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်အတွင်း ယမန်နေ့ ညပိုင်းက ရုတ်တရက် လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်များလဲပြိုကာ  အဆောက်အဦအချို့နှင့် လူနေအိမ်များ အမိုးလန်ခြင်း၊ ပြိုကျပျက်စီးခြင်းများ ဖြစ်ပွားခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

 

မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် မြို့ပေါ်အမှတ် (၁) ရပ်ကွက်ရှိ ဘာသာရေးအဆောက်အဦ တစ်လုံးနှင့် အစိုးရဌာန ဆိုင်ရာ အဆောက်အဦ တစ်လုံး၊ မြို့ပေါ်အမှတ်(၂)ရပ်ကွက်ရှိ အစိုးရဌာနဆိုင်ရာ အဆောက်အဦတစ်လုံး၊ မင်းဂုတ်ကျေးရွာ အုပ်စုရှိ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းဆောင် တစ်ဆောင်၊ ကပကျေးရွာအုပ်စုရှိ လူနေအိမ် နှစ်လုံး၊ တောပြားကျေးရွာ အုပ်စုရှိ လူနေအိမ်နှစ်လုံး၊ ရေကန်တောင်ကျေးရွာအုပ်စုရှိ လူနေအိမ်တစ်လုံး၊ ကမ်းကြီးကျေးရွာအုပ်စုရှိ လူနေအိမ် ၁၃ လုံး၊ မအိုင်ကျေးရွာအုပ်စုရှိ လူနေအိမ် သုံးလုံး၊ ကပကျေးရွာအုပ်စုရှိ လူနေအိမ် နှစ်လုံး၊ စခန်းသစ်ကျေးရွာအုပ်စုရှိ လူနေအိမ် သုံးလုံး၊ ဘနန္ဒနဲကျေးရွာအုပ်စုရှိ ဘာသာရေးအဆောက်အဦ တစ်လုံး ပြိုကျပျက်စီးခဲ့ရကြောင်း သိရသည်။

 

ပြိုကျပျက်စီးခဲ့သည့် အဆောက်အဦများ၊ နေအိမ်များကို အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအဖွဲ့အစည်းများမှ ရှင်းလင်းဖယ်ရှားခြင်း၊ နီးစပ်ရာ‌ဆွေမျိုးနေအိမ်များသို့ ပြောင်းရွှေ့ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း၊ ဖြစ်စဉ်တွင် လူနှင့်တိရစ္ဆာန်များ ထိခိုက်ပျက်စီးဆုံးရှုံးမှုမရှိကြောင်း သိရသည်။

 

စည်သူရအောင်(ကျွန်းစု)

 

mdn