ကျွန်းစုမြို့နယ်၊ ကတ္တလူကျေးရွာရှိ အသေးစား ရေအားလျှပ်စစ်စက်ရုံအား ဓာတ်အားတိုးမြှင့်ထုတ်လုပ် ပေးနိုင်ရန်အတွက် ပြုပြင်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်း

နေပြည်တော်  ၂၀ ဩဂုတ်

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့တွင် ကျွန်းစုမဲဆန္ဒနယ်မှ ဒေါ်တင်တင်ရီက ကျွန်းစုမြို့နယ်၊ ကတ္တလူကျေးရွာရှိ အသေးစား ရေအားလျှပ်စစ်စက်ရုံအား ဓာတ်အားတိုးမြှင့် ထုတ်လုပ်ပေးနိုင်ရန်အတွက် ပြုပြင်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့သည်။

 

အဆိုပါမေးခွန်းနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က “၂၀ဝ၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ပုဒ်မ ၁၈၈ ဇယား(၂)အရ အဆိုပါ အသေးစား ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၏ လုပ်ပိုင်ခွင့်အဖြစ် သတ်မှတ်ထားသည့်အတွက် ဝန်ကြီးဌာနမှ ကတ္တလူချောင်း အသေးစား ရေအားလျှပ်စစ် စက်ရုံအပါအဝင် အသေးစား ရေအားလျှပ်စစ်စက်ရုံ စုစုပေါင်း ၃၂ ရုံ၏ စီမံခန့်ခွဲမှုအား နိုင်ငံတော်သမ္မတရုံး၏ ၂၂-၁၀-၂၀၁၁ ရက်နေ့ ရက်စွဲပါစာအမှတ် ၅၈(၁)/၇/သမ္မတရုံးဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့ အသီးသီးထံသို့ ၂၀၁၄ ခုနှစ် မတ်လတွင် အပြီးအပိုင် လွှဲပြောင်းပေးအပ်ခဲ့ပါကြောင်း။

 

၂၀၁၄ ခုနှစ် ဧပြီလတွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကတ္တလူချောင်း အသေးစား ရေအားလျှပ်စစ်စက်ရုံကို မြို့မိမြို့ဖ မီးလင်းရေးကော်မတီထံသို့ ထပ်မံလွှဲပြောင်း လုပ်ကိုင်ခွင့်ပြုခဲ့ပြီး ထိုနှစ်ထဲတွင် Francis Turbine နှစ်လုံးနှင့် ပူးတွဲတပ်ဆင်ထားသည့် 75 kw Generator နှစ်လုံး အစား 100 kw တစ်လုံးနှင့် 120 kw တစ်လုံးဖြင့် ပြောင်းလဲ၍ အဆင့်မြှင့်တင်ခဲ့ပါကြောင်း၊ မြို့မိမြို့ဖ မီးလင်းရေးအဖွဲ့မှ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလအထိ ဆောင်ရွက်ခဲ့ပြီး ၁၀.၄.၂၀၁၇ ရက်နေ့ ကျင်းပပြုလုပ်သည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၇/၂၀၁၇) ဆုံးဖြတ်ချက်အပိုဒ် ၁၇ အရ ကျွန်းစု အများပိုင် မီးလင်းရေးအဖွဲ့ထံသို့ လုပ်ငန်းများကို လွှဲပြောင်းလုပ်ကိုင်စေခဲ့ကြောင်း၊ ကျွန်းစုအများပိုင် မီးလင်းရေးအဖွဲ့သည် ရေအားစက် ၅၀ ကီလိုဝပ် တစ်လုံး၊ ၁၀ဝ ကီလိုဝပ် တစ်လုံး၊ ၁၂၀ ကီလိုဝပ် တစ်လုံး စုစုပေါင်း သုံးလုံးအပြင် လွှဲပြောင်း ပေးအပ်ထားသည့် 500 KVA ဒီဇယ်မီးစက် တစ်လုံး၊ ၎င်းတို့အဖွဲ့ပိုင် 250 KVA ဒီဇယ်မီးစက် တစ်လုံးတို့ဖြင့် ကျွန်းစုမြို့နယ်အတွင်း ဓာတ်အားဖြန့်ဖြူး ရောင်းချပေးခဲ့ကြောင်း၊ နွေရာသီ၌ လျှပ်စစ်ဓာတ်အားလုံလောက်စွာ ရရှိစေရန် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရန်ပုံငွေဖြင့် 500 KVA ဒီဇယ်မီးစက်တစ်လုံး ထပ်မံတည်ဆောက်ပေးခဲ့ကြောင်း။

 

အဆိုပါ အသေးစား ရေအားလျှပ်စစ်စက်ရုံ၏ စီမံခန့်ခွဲမှုကို တိုင်းဒေသကြီးအစိုးရထံ အပြီးလွှဲပြောင်းပြီးဖြစ်ပါ၍ စက်ရုံ၏ ထိန်းသိမ်းပြုပြင်မှု၊ အဆင့်မြှင့်တင်မှု ကိစ္စအရပ်ရပ်ကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေတွင် ထည့်သွင်းလျာထား ဆောင်ရွက်ခွင့် မရှိတော့သဖြင့် ပြည်ထောင်စု ဝန်ကြီးဌာနအနေနှင့် ဆောင်ရွက်ပေးရန် အစီအစဉ် မရှိပါကြောင်းနှင့် တနင်္လာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှလည်း ကတ္တလူချောင်း အသေးစား ရေအားလျှပ်စစ်စက်ရုံကို 750 kw အထိ တိုးမြှင့်ထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်ပါက သဘာဝပတ်ဝန်းကျင် ထိခိုက်မှုရှိနိုင်သည့်အတွက် လတ်တလော ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား ပြန်လည်ဖြေကြားခဲ့သည်။


MDN
Credit. ပြည်သူ့လွှတ်တော်