ကံစီမံရာ

မောင်နှင်းဆီ

“ဪ… လောဘရယ်၊ ဒေါသရယ်၊ မောဟရယ်၊

 အဝိဇ္ဇာ ပစ္စယာ သင်္ခါရာတဲ့၊ 

ပျော်လိုက် ရွှင်လိုက် ငိုကာရယ်ကာ၊

ဘယ်ဟာ မတည်မြဲ ဖောက်လွဲဖောက်ပြန်၊

အကြောင်းကံ ကမ္မသကာ။ ’’

တေးပြုစာဆို သုခ

သံစဉ်ဂီတ ဦးဘသိန်း(မန္တလေး)

(၁၉၅၆၊ ဘဝသံသရာရုပ်ရှင်ခေါင်းစီးသီချင်းမှ)

ကိုယ်စိုက်တဲ့အသီးကို ကိုယ်စားရတယ်ဆိုတာကို လူတိုင်းသဘောပေါက်ပါတယ်။ စပါးပင်စိုက်ပျိုးခဲ့ရင် စပါးကိုရိတ်သိမ်းရမှာပဲ။ သရက်ပင်စိုက်ခဲ့ရင် တစ်နေ့မှာတော့ သရက်သီးစားရမှာပေါ့။ ကိုယ်လုပ်ဆောင်ခဲ့တဲ့ မျိုးစေ့အလျောက် အပင်ပေါက်တယ်။ အသီး အနှံသီးတယ်။ 

ဒီတော့ ဉာဏ်ရှိတဲ့လူ၊ အမြော်အမြင်ရှိတဲ့လူက စပါးကို အထွက်နှုန်းကောင်းတဲ့ စပါး၊ မျိုးကောင်းမျိုးသန့်ကို သေသေချာချာရွေးချယ်ပြီး စိုက်တယ်။ အထွက်နှုန်းလည်းမကောင်း၊ စပါးဈေး၊ ဆန်ဈေးလည်း မကောင်းတဲ့ စပါးမျိုးကိုစိုက်ရင် ပင်ပန်းရသလောက် ကောင်းကျိုး အသီးအပွင့် အဆင့်အတန်းမမြင့်ပေဘူးပေါ့။ စပါးစိုက်မှာချင်းအတူတူ မျိုးကောင်းမျိုးသန့်စိုက်ဖို့ဟာ အခြေခံကျကျ အရေးကြီးလှပေတာပဲ။ ရေ၊ မြေ၊ မိုး၊ ပိုး၊ ကြိုးစားမှု စတဲ့ အချက်တွေလည်း ပါဝင်ပါရဲ့။ ဗီဇမျိုးစေ့ အရည်အသွေးကောင်းဖို့ရာက အဓိကအရေးကြီးကြောင်း တွေ့ကြရမယ်။

တန်ဖိုးချင်းကွာခြား

သရက်ပင်တွေ စိုက်ထားတဲ့ သရက်တောတွေမှာ မြကျောက်တို့၊ စိန်တလုံးတို့ တန်ဖိုးရှိတဲ့မျိုးကို စိုက်ခဲ့တဲ့ သရက်ပင်တွေက ရောင်းတဲ့အခါ ဈေးကောင်းရကြတယ်။ မျောက်ခေါင်းတို့၊ လောက်စာလုံးတို့၊ သေးလည်းသေး၊ ချဉ်လည်းချဉ်၊ အသားလည်းနည်းတဲ့ သရက်သီး သရက်စေ့ကို စိုက်ခဲ့မိရင် ဘယ်လိုလုပ် ချမ်းသာပါ့မလဲ။ ကောင်းတဲ့ အမျိုးအစား၊ မှန်ကန်တဲ့ရွေးချယ်မှုနဲ့ လုံ့လဝီရိယစိုက်ပြီး အလုပ်လုပ်တဲ့ အကျိုးရလဒ်နဲ့ သာမန်လုပ်တယ်ဆိုရုံလုပ်တဲ့အလုပ်နဲ့ တန်ဖိုးချင်းကွာခြားမှာပဲ။ 

အလုပ်တစ်ခုလုပ်တယ်ဆိုရင် ရှေ့နောက်မြော်တွေးဆင်ခြင်ပြီး လုပ်ရတယ်။ ကောင်း၊ ဆိုးရလဒ်၊ အတိုင်းအဆ စသည်တို့ကို ကြည့်ရမယ်။ စိတ်ပါလက်ပါ၊ စိတ်ဝင်တစား လုပ်ရမယ်။ အလုပ်ကို မြတ်မြတ်နိုးနိုး လေးလေးစားစားလုပ်ရမယ်။ အများကို ကောင်းကျိုးပြုမှာမျိုး၊ သူတစ်ပါးကို မထိခိုက်တာမျိုး၊ အပြစ်ကင်းတာမျိုး လုပ်ရပါမယ်။ ဉာဏသမ္ပယုတ်၊ သောမနဿသဟဂုဏ်၊ အသင်္ခါရိက စတဲ့အချက်တွေနဲ့ ကြိုတင်စူးစမ်းချင့်ချိန်ပြီး အကောင်းဆုံးလုပ်ရမယ်။ အဲဒီအလုပ်ဟာ ကိုယ်ပြုလုပ်တဲ့ ကံပါပဲ။ ကိုယ်ပြုတဲ့ကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာတယ်။ ဒါကြောင့် ကောင်းမှုသုစရိုက်ပြုခဲ့တဲ့သူဟာ ကောင်းမှုကောင်းကျိုးတွေ သူခံစားရတယ်။ မကောင်းမှုဒုစရိုက်တွေ (မိုက်မဲစွာ) ကျူးလွန်သူဟာ ဘယ်သူမပြု မိမိမှုဆိုသလိုပဲ မိမိကိုယ်တိုင်သာပဲ အကုသိုလ်ရဲ့ အကျိုးဆက်တွေကို သိမ်းပိုက်ရမှာမလွဲပါ။

ကဲ - ဒါဆို ကံကောင်းတာတွေ လိုချင်ပါတယ်။ ရချင်ပါတယ်။ ဘယ်လိုအလုပ်မျိုးတွေ လုပ်ရမှာပါလဲ။
“မကောင်းမှုများ ရှောင်ရှားပယ်ခွာ၊ ကောင်းမှုအပေါင်းစုဆောင်းကြပါ။ မိမိစိတ်ရင်း သန့်ရှင်းစေရာ၊ ဤသုံးပါးဘုရားသာသနာ။” လို့ သီတဂူဆရာတော်အရှင်ဉာဏိဿရ သီကုံးတာလေး မှတ်ရလွယ်ပါတယ်။ ဒါဟာ အသက်အရွယ်ခုနစ်နှစ်သား၊ သားတော် ရှင်ရာဟုလာ ကိုရင်လေးကို ဟောကြားတဲ့ (အဗ္ဗလဋိက ရာဟုလောဝါဒသုတ်) ဆုံးမ စကားထဲမှာလည်းပါတယ်။ ဩဝါဒပါတိမောက်မှာလည်းပါတယ်။ ဓမ္မပဒထဲမှာလည်း တွေ့ရပါတယ်။ 
မြတ်စွာဘုရားရှင်ဟာ လူသားတွေကို ဘေးကင်းစေချင်လို့ ဆင်းရဲကင်းပျောက် ချမ်းသာရောက်ဖို့ သုစရိုက်၊ ကုသိုလ်ကောင်းမှု ပြုလိုက်ကြ။ ဒါမှသာ ကောင်းတဲ့ကံတွေပြုနေလို့ ကောင်းကျိုးတွေ ဖြာဖြာဝေဝေ သာယာစိုပြည်မယ်။ ဒုစရိုက် အကုသိုလ် အလုပ်ဆိုး၊ အလုပ်မှား၊ အလုပ်မတရားတွေလုပ်နေရင် အကုသိုလ် အကျိုးဆက် (ပါပကံ) နောက်ဆက်တွဲတွေ အစုလိုက်အပြုံလိုက် ကိုယ်ကိုယ်တိုင် သိမ်းပိုက်ခံစားရမှာပဲလို့ (ပုည-ကောင်းမှု) (ပါပ- ဆိုးမှု)ခွဲခြား နားလည်ပြီးဆောင်ရန်၊ ရှောင်ရန်တရားတွေနဲ့ လမ်းညွှန်ထားခဲ့ပါတယ်။ ကျင့်တာ၊ မကျင့်တာ မိမိတို့ရဲ့ရွေးချယ်မှုပါပဲ။ သူ့ထိုက်နဲ့သူ့ကံ။ ကံစီမံရာသွား။ 

ပုမသိ၊ ပမသိ။

ဒီအလုပ်ဟာ ပုညကုသလ ကောင်းမှုလား၊

ဒီအလုပ်က ပါပ ဒုစရိုက်ဆိုးမှုပေလား၊

မခွဲခြား၊ မစဉ်းစား၊ နားမလည်၊ မသိမြင်သူတို့ဟာ လွဲမှားစွာပဲ မိုက်ပြီးရင်းမိုက်၊ အဝီစိထိအောင် ကျင်းတူးပြီး ဆက်မိုက်နေကြဦးမှာပဲပေါ့။ အဝိဇ္ဇာဆိုတဲ့ မသိမမြင်မှု၊ အလွဲမြင်သိနေမှုက အကြင်သူကို ငရဲတိရစ္ဆာန်ဘဝ အရှင်လတ်လတ် ကျရောက်စေပါတယ်။ နွားတွေ၊ ဝက်တွေကို ခြံလှောင်သလို လူကိုအချုပ်ထောင်၊ အကျဉ်းထောင်ထဲ ထည့်ထားခြင်းခံရတာဟာ ပုမသိ ပမသိ (အရပ်စကားအနေနဲ့ ဘုမသိ ဘမသိလို့ သုံးနှုန်းနေကြ) ဆင်ခြင်တုံတရားနည်းပါး (မရှိ)ခဲ့လို့ လက်ထိပ်တို့၊ သံခြေကျင်းတို့ ဝတ်ဆင်နေရခြင်းပေပေါ့။

အထင်မှားနေကြ

ပါရမီကံဆိုတာကတော့ ငါတို့နဲ့မဆိုင်လောက်ပါဘူးလို့ မသိသူတွေက အထင်မှားနေကြတယ်။ ပါရမီဆယ်ပါးနဲ့မြတ်စွာဘုရားက ဘုရားလောင်းဘဝအဆက်ဆက် (သာဓက ဇာတ်ကြီးဆယ်ဘွဲ့၊ တေ-ဇ-သု-နေ-မ စသဖြင့်) ကြိုးစားလုပ်ဆောင်ဖြည့်ကျင့်ခဲ့ရတာကို ကြည့်ပြီး ငါလိုပုထုဇဉ်နဲ့ အလှမ်းဝေးလောက်တယ်။ အထင်လွဲနေတတ်ပါတယ်။

ဒီမယ်- ပါရမီကံဆိုတာ ဘုရားမှသာ ကျင့်သုံးဆောက်တည်ရတာ မဟုတ်။ ဘုရားလောင်းမှသာ လုပ်ဆောင်ဖွယ်ရာမဟုတ်။ သဲသဲကွဲကွဲ၊ ထင်ထင်ရှားရှား သိမြင်နားလည်မှ ကံစီမံရာ လိုက်ပါဖြစ်ပေါ်ကြရတဲ့ ဘဝမှာ ကံကောင်းကြလိမ့်မယ်။

ပါရမီကံက မြင့်မြတ်သူတို့ရဲ့ လုပ်ဆောင်ချက်ကို ခေါ်တာဖြစ်တယ်။ မိမိကိုယ်ကို တန်ဖိုးထားပါ၊ မိမိကိုယ်ကို လေးစားမြှင့်တင်ပါ။ လူနေချုံကြားဖြစ်ချင်ဖြစ်ပါစေ၊ စိတ်နေဘုံဖျား ရှိနေပါစေ။ ရိုးရိုးကျင့်ပြီး မြင့်မြင့်ကြံပါလေ။ ဒါဟာလိုရင်းပါ။

သစ္စာ၊ သီလ၊ ခန္တီ၊ ဝီရိယနဲ့ ဒါန၊ ပညာစတဲ့ ပါရမီဆယ်ပါးကို တစ်နေ့တည်း တစ်ပြိုင်တည်းလုပ်ဖို့ရာ မဆိုလိုပါဘူး။ စိတ်ထဲမှာ ဒီပါရမီကံတွေကို ငါကြိုးစားပြီး မဖြစ်မနေ လုပ်ဆောင်နေမယ်။ ငါဟာ ပါရမီကံ ရင့်သန်သူဖြစ်နိုင်ပေတာပဲ။ စေတနာကောင်းရင် ကံကောင်း မှာပဲ။ ပစ္စေကဗုဒ္ဓါ၊ အဂ္ဂသာဝက၊ မဟာသာဝက စတဲ့မြင့်မြတ်တဲ့ သူတော်ကောင်းတွေ အများအပြား ကျင့်ကြံအားထုတ်ကြတဲ့ တရားတွေကို ငါလည်းလုပ်လို့ရတယ်။ ငါလည်းဆိုင်တယ်။ ငါလည်းကျင့်ကြံ လုပ်ဆောင်နိုင်တာပဲ။ 

ဘာသာရေးတရားတွေ ဟောပြောနေတာလား။

စာဖတ်သူ ထင်ချင်သလိုသာ ထင်မြင်ပါ၊ ရပါတယ်။ တကယ်တော့ စာရေးသူ Joanne Kathleen Rowling ဂျင်းနီကက်သလင်းရိုလင်း၊ ကလောင်နာမည် ဂျေကေရိုလင်းဆိုတဲ့ ဆင်းရဲသားမိဘနှစ်ပါးက မွေးဖွားခဲ့ရပေမယ့် ကိုယ့်အားကိုယ်ကိုး၊ ကိုယ်ထူကိုယ်ထ၊ ပညာရေးမှာ အင်္ဂလိပ်စာပေ အဓိကနဲ့ ဘွဲ့တစ်ခုရအောင်ကြိုးစား၊ အင်္ဂလိပ်စာပြ ဆရာမဘဝနဲ့ နွမ်းနွမ်းပါးပါး၊ ချို့ချို့တဲ့တဲ့ဘဝနဲ့ စာကြည့်တိုက်က စာအုပ်တွေအဖော်လုပ်ကာ၊ မပြတ်တမ်းဖတ်ကာ၊ မှတ်ကာ၊ ဇွဲကြီးကြီး နဲ့ ၂၁ နှစ်ကြာအောင် ရုန်းကန်လိုက်တာ အင်္ဂလန်မှာနိုင်ငံကျော်ရုံမက ကမ္ဘာကျော်တဲ့ စာရေးဆရာမအဖြစ် အဆန်းတကြယ်ပေါက်သွားတဲ့ ကံထူးသူအကြောင်း ဟိုရှာဖတ်၊ ဒီရှာဖတ်၊ ရှာဖွေလေလေ တွေ့ရှိလေလေမို့ စိတ်ကူးထဲပေါ်လာရာ ချစ်စွာသော စာဖတ်သူထံ မျှဝေနေ တာပါ။ ဆက်လေ့လာကြည့်ရင် သိနိုင်ပါတယ်။

အကြောင်းအမျိုးမျိုးနဲ့ ငြင်းပယ်ခဲ့ကြ

ဂျေကေရိုလင်းရေးတဲ့ ဝတ္ထုတွေကို အင်္ဂလန်၊ လန်ဒန်ရှိ စာအုပ်ထုတ်ဝေရေးတိုက်တွေ တော်တော်များများက ဖတ်ကြည့်ပြီး အကြောင်းအမျိုးမျိုးနဲ့ ငြင်းပယ်ခဲ့ကြတယ်။ ဒါမျိုးထုတ်ရင် ရှုံးလို့ မွဲမှာပေါ့လို့ မကြားတကြား ပြောသူကပြော။ ရှည်လွန်းတယ်ဆိုသူဆို။ ဒါက ကလေးပုံပြင်ဖြစ်နေတယ်။ ဘယ်သူဝယ်မှာလဲ စသဖြင့် မကြားတကြား ဝေဖန်တာကော၊ ဗြောင်အထင်အမြင်သေးစွာ ငြင်းပယ်ရင်း၊ စာမူဖိုင်ကြီးကို ပြန်ပေးရင်း ပြောကြတာကော။ အငြင်းပယ်ခံရတဲ့ မျှော်လင့်ချက်ဆုံးရှုံးမှု၊ ရှုံးနိမ့်ခြင်းတွေဟာ ၁၄ ကြိမ် အနည်းဆုံးရှိခဲ့တယ်။ နောက်ထုတ်ဝေရေးတိုက်တစ်ခုကို မသွားဝံ့၊ မသွားရဲတော့ လောက်အောင် ရှက်ရွံ့သိမ်ငယ်ခဲ့ရတယ်။ ၁၉၉၇ ခုနှစ်မှာ ထုတ်ဖြစ်ခဲ့ပါတယ်။
 
ဟယ်ရီပေါ်တာ ပထမဝတ္ထုရှည်ကို ပထမမူကြမ်းကတည်းက ကြိုက်တယ်၊ ကောင်းတယ်၊ ဘာမှဆိုစရာ အပြစ်မရှိဘူးစသဖြင့် အားပေးဖေးမသူကတော့ နှစ်ယောက်လောက်ပဲရှိပါတယ်။ ဂျေကေရိုလင်းရဲ့ ညီမလေးနဲ့၊ သူ့အခင်ဆုံးသူငယ်ချင်းတစ်ယောက်။ မနည်းပါ။ 

ဂျေကေရိုလင်းက စာအုပ်ကြားမှာခေါင်းထည့်ပြီး ဖတ်လိုက်၊ မှတ်လိုက်၊ တွေးလိုက်၊ ရေးလိုက်။ စာအုပ်ထဲက စာကြီးပေကြီးတွေ၊ ဝတ္ထုရှည်၊ ဝတ္ထုတိုပေါင်းများစွာထဲက ဇာတ်ကောင်တွေနဲ့သာ ပိုမိုပြီး သူကရင်းနှီးထိတွေ့နေခဲ့တာ။ ပြင်ပမှာ မိတ်ဆွေအပေါင်းအသင်းတော့ များများစားစား မရှိရှာဘူး။ ရုပ်ရည်ကလည်း အချောအလှမဟုတ်။ ပေါ်ပြူလာဖြစ်ချင်တဲ့၊ ဆိုရှယ်ကျချင်တဲ့ စိတ်မျိုးလည်းမရှိ။ ကိုယ့်အတွေးနဲ့ ဝတ္ထုဇာတ်ကောင်တွေမွေး၊ ဇာတ်လမ်းတွေဖွဲ့၊ ဇာတ်အပျိုး၊ အခင်း၊ အတက်၊ အခက်၊ အဖြေ၊ အလှည့်၊ အကွေ့စသဖြင့် အမျိုးမျိုး စဉ်းစားလိုက်၊ ချရေးလိုက်။ ရှာဖွေလေ့လာဆည်းပူး၊ ရေးမှတ်ရေးသား၊ ဖန်တီးနေခဲ့တာ တက္ကသိုလ်ကနေ အသက် (၂၁-၂၂) အရွယ်လောက် ဘွဲ့ရသည်မှ ဟိုပြောင်းဒီပြောင်း အင်္ဂလိပ်စာသင်ပြတဲ့  ဆရာမဘဝ၊ ခက်ခက်ခဲခဲ ဆင်းဆင်းရဲရဲ ၁၀ နှစ်ကျော် ရုန်းကန်ကူးခတ်ရင်း စာရေးဆရာမ မဖြစ်ဖြစ်အောင် ဇွဲနပဲနဲ့ကြိုးစားခဲ့ရှာတယ်။ 

အဲဒီ ၁၀ နှစ် ခရီးကြမ်းကိုပြန်ပြောတိုင်း မျက်ရည်ဝဲရတယ်။ အနင်းခံရတဲ့စပါး သန်တယ်။ ဒုက္ခသောကတွေကို အရှုံးမပေးဘဲ ဒူးမထောက်၊ လက်မမြှောက် (ကူသူကယ်သူမရှိ) အသက် (၂၁) နှစ်မှ (၃၂) နှစ်အကြား မုန်တိုင်းထန်တဲ့ခရီးမှာ လဲပြိုနစ်မြုပ်မသွားအောင် အားတင်းရုန်းကန်ခဲ့ရတာပါ။

ခုရေတွင်းတူး၊ ခုရေကြည်သောက်ချင်လို့တော့ မရနိုင်ဘူး။ အချိန်အတိုင်းအတာတစ်ခုကိုတော့ ဇွဲရှိရှိနဲ့ ကိုယ့်ရည်မှန်းချက်မပျောက်ဘဲ အဆက်မပြတ် နေ့စဉ်ရက်ဆက်၊ အစဉ်တစိုက်၊ ကြားကွက်လပ်မရှိစေရ “ဝီရိယာဓိပတိ”စတဲ့ အဓိပတိတရားတွေနဲ့ ပါရမီကံ ပြုလုပ်ရပေတယ်။

သူရေးသမျှ ဟယ်ရီပေါ်တာဝတ္ထုရှည် ခုနစ်အုပ်က ကမ္ဘာ့ဘာသာ စာပေ ၈၅ မျိုးနဲ့ ထုတ်ဝေဘာသာပြန်ရတယ်။ အင်္ဂလိပ်လို ထုတ်ဝေတာတင် စောင်ရေသန်းပေါင်း ၆၀၀ ကျော်နေပြီ။ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးပြသလို့ စာမူခရတာလည်း ဝင်ငွေချမ်းသာကြွယ်ဝစေခဲ့ပြီ။ ကမ္ဘာ့စာအုပ်စာပေသမိုင်းမှာ အရောင်းရဆုံးစာရေးဆရာမ J.K.Rowling ဂျေကေရိုလင်းဆိုတာသူပါပဲ။ ဒါဟာ လွယ်လွယ်တော့ ရတာမဟုတ်ပါ။ ကံစီမံရာ။ သူအလုပ်ကြိုးစားခဲ့လို့ အောင်မြင်တာပါပဲ။  ။