ကန့်ဘလူ၌ ရထားနှင့်ကားတိုက်မိမှုကြောင့် တစ်ဦးသေဆုံး၊ ခြောက်ဦးဒဏ်ရာရ

ကန့်ဘလူ  ၂၁ ဇူလိုင်

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် ယနေ့ နံနက် ၇ နာရီခွဲခန့်က သံလမ်းကူး(ဂိတ်တံခါးမရှိ)တွင် ရထားနှင့် ကားတိုက်မိမှုကြောင့် တစ်ဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

079

 

ဖြစ်စဉ်မှာ စက်ခေါင်းအမှတ် DF 1350 အမှတ် (၂၃၆) အစုန်ရထားသည် ကျွန်းလှဘူတာမှ ကန့်ဘလူဘူတာသို့ ထွက်ခွာလာစဉ် ယာဉ်မောင်း မင်းမင်း (၂၉)နှစ် ကန့်ဘလူမြို့ အမှတ်(၃)ရပ်ကွက်နေသူ မောင်းနှင်လာသည့် စူဇူကီးလေးဘီးယာဉ်သည် ကန့်ဘလူ-ကျွန်းလှ ဘူတာကြား မိုင်တိုင်အမှတ် ၄၉၀/၁၅ နှင့် ၄၉၀/၁၆ အကြားရှိ တရားမဝင် သံလမ်းကူးအား ဖြတ်ကျော်မောင်းနှင်စဉ် မီးရထားနှင့် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မီးရထားနှင့် ကားတိုက်မှုတွင် စူဇူကီးယာဉ်ပေါ်ပါ ယာဉ်မောင်း အပါအဝင် ခုနှစ်ဦးအနက် အမျိုးသမီးတစ်ဦး သေဆုံးပြီး ကျား သုံးဦး၊ မ သုံးဦးတို့တွင် ဒဏ်ရာ(မစိုးရိမ်ရ)များရရှိခဲ့သဖြင့် ကန့်ဘူမြို့ ခုတင် ၁၀ဝ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ 

အဆိုပါ ဖြစ်စဉ်ကြောင့် ယာဉ်မဆင်မခြင် မောင်းနှင်သူ မင်းမင်းအား ကန့်ဘလူမြို့မရဲစခန်းမှ ရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)