ကန့်ဘလူမြို့နယ်တွင် မီတာခလာရောက်ပေးသွင်းသူများ လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် ပြင်ဆင်ထားရှိ 

ကန့်ဘလူ ၂၀ ဧပြီ


စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ ကန့်ဘလူမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံး တွင်လည်း လျှပ်စစ်ဓာတ်အားသုံးစွဲသူ မိဘပြည်သူများ လျှပ်စစ်ဓာတ်အားခငွေ လာရောက်ပေးသွင်းရာတွင် လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားကြောင်း သိရသည်။

မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးသို့ လျှပ်စစ်ဓာတ်အားအသုံးပြုခငွေ ပေးသွင်းသူ မိဘပြည်သူများ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာတွင်နေစေရန် စည်းဝိုင်းများဖြင့်ပြင်ဆင်ထားပြီး ရုံးသို့လာရောက်သူများအတွက် လက်ဆေးနိုင်ရန် လက်ဆေးကန်၊ ဆပ်ပြာနှင့်ရေကို အဆင်သင့်ပြင်ဆင်ထားကြောင်း၊ လူစုလူဝေးမဖြစ်စေရန်အတွက် တစ်ဦးတည်းမှလေးငါးဦးစာ စုပေါင်းပေးသွင်းပါကလည်း လက်ခံပေးကြောင်း၊ ဓာတ်အားခငွေ ပေးသွင်းရန်လာရောက်သူများ နှာခေါင်းစည်း(Mask)မပါသူကို ရုံးဝန်ထမ်းများမှ နှာခေါင်းစည်းအခမဲ့ ပေးဝေရန်လည်း တာဝန်ပေးထားကြောင်း၊ မြို့ပေါ်ရပ်ကွက်(၅)ခုတွင် မီတာအလုံးရေ စုစုပေါင်း အလုံး ၅၇၆၀ တပ်ဆင် အသုံးပြုလျက်ရှိကြောင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာမှူး ဦးအောင်သူမြင့်ထံမှ သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)