ကမ်းခြေခရီးသွားလုပ်ငန်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် တိုင်းအစိုးရမှထုတ်ပြန်သည့် ညွှန်ကြားချက်များနှင့်အညီဖွင့်လှစ်ရန်စီစဉ်

ပုသိမ် ၁၈  ဇူလိုင်


ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပင်လယ်ကမ်းခြေအပန်းဖြေစခန်းများကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ  ပြန်လည်ဖွင့်လှစ်နိုင်ရေး ဇူလိုင် ၁၆ ရက်က တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ပြုလုပ်သည့်  အစည်းဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်းသိရသည်။

ကမ်းခြေဒေသများမှဟိုတယ်များနှင့် တည်းခိုခန်းများ၊ ကမ်းခြေ တစ်လျှောက်သတ်မှတ်​နေရာတို့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သည့်ညွှန်ကြားချက်များအတိုင်း ဆောင်ရွက် ထားခြင်း ရှိ မရှိကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှဖွဲ့စည်းထားသည့် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များမှ စစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်ကာ သတ်မှတ်စည်းကမ်းချက်များ ပြည့်စုံမှုရှိမှသာ ဖွင့်လှစ်ခွင့်ပြု မည်ဖြစ်ကြောင်း တိုင်းဒေသကြီးစည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြောသည်။


ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်ညွန်ကြားချက်များအပြင် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထပ်ဆင့်ထုတ်ပြန်သည့် ညွှန်ကြားချက်များလည်းရှိကြောင်း၊ ကမ်းခြေရှိဟိုတယ်နှင့် တည်းခိုခန်းများ သတ်မှတ်စည်းကမ်းများလိုက်နာမှုရှိရေး၊ ကမ်းခြေတွင် အုန်းရည်ရောင်းသည့် လုပ်ငန်း၊ ဘောကွင်းငှားသည့်လုပ်ငန်း၊ စပိဘုတ်များငှားရမ်းခြင်း၊ စက်ဘီးများငှားရမ်းခြင်းနှင့် ကမ်းခြေတွင် စျေးရောင်းချသူများ လိုက်နာရမည့် စည်းကမ်းချက်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထုတ်ပြန် ကြေညာသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးစည်ပင်သာယာရေးဝန်ကြီးက ဆက်လက်ပြောကြား သည်။
 

ဧရာဝတီတိုင်းဒေသကြီးအတွင်း အထင်ကရအပန်းဖြေစခန်းများဖြစ်သည့် ချောင်းသာကမ်းခြေ၊ ငွေဆောင် ကမ်းခြေ၊ ဂေါ်ရန်ဂျီကမ်းခြေ၊ ရွှေသောင်ယံနှင့် ရခိုင်ပြည်နယ်သို့ ဆက်သွယ်သည့် ကမ်းခြေ ပတ်လမ်းများသို့ သွားရောက်လေ့လာနိုင်​တော့မည်ဖြစ်ကြောင်း သိရသည်။


မြင့်ဟန်