ကမ္ဘောဇအနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်းနှင့် Smile Asia နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ်များအား အခမဲ့ခွဲစိတ်ကုသပေး

နေပြည်တော်  ၂၄  မတ် 

 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ကြီးမှူး၍ ကမ္ဘောအနာဂတ်အလင်းတန်းမြန်မာ ဖောင်ဒေးရှင်း (BFM)နှင့် Smile Asia Medical Mission တို့ပူးပေါင်း၍ မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင် ကလေးများအား ဆဋ္ဌမအကြိမ်မြောက် အခမဲ့ခွဲစိတ်ကုသပေးခြင်း ဖွင့်ပွဲအခမ်းအနားကို မတ် ၂၄ ရက်က ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ အမျိုး သမီးနှင့်ကလေးအထူးကုဆေးရုံကြီးတွင် ကျင်းပသည်။

 

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အဖွင့်အမှာစကား ပြောကြားပြီး     မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူသံရုံးမှ Deputy Chief of Mission ဖြစ်သူ Mr David Liang က အမှတ်တရစကား ပြောကြားသည်။ ထို့နောက် အမျိုးသမီးနှင့်ကလေးအထူးကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး  ဒေါက်တာမြတ်ခိုင်၊ Smile Asia မှ Programme Manager ဖြစ်သူ Ms. Phoebe Low နှင့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာဖခင်တစ်ဦးတို့က ကျေးဇူးတင်စကား  ပြောကြားခဲ့ကြသည်။ 

 

ဆက်လက်၍ The Smile Mission Ltd မှ Secretary General Mr. Abhimanyu Talukdar က ကမ္ဘောဇဘဏ်အမှုဆောင် အရာရှိချုပ် Mr. Mike Denoma သို့ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့ပါသည်။ ထို့နောက် အမျိုးသမီးနှင့်ကလေး အထူးကုဆေးရုံကြီးဆေးရုံတွင် ကွန်ကရစ်လမ်းခင်းရန်အတွက် ကမ္ဘောဇဘဏ်မှ လှူဒါန်းငွေကျပ် ၇,၁၇၀,၅၈၃ အတွက် အမျိုးသမီးနှင့်ကလေး အထူးကုဆေးရုံကြီး၏ ဆေးရုံအုပ်ကြီး  ဒေါက်တာမြတ်ခိုင်က ကမ္ဘောဇဘဏ်၏ ဒုတိယအမှုဆောင်အရာရှိချုပ် ဒေါ်နန်းလိုင်းခမ်းအား ဂုဏ်ပြုမှတ်တမ်းပေးအပ်ခဲ့သည်။ 

 

ထို့နောက် ပြည်နယ်အစိုးရအဖွဲ့တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူသံရုံးနှင့် ကမ္ဘောဇအုပ်စု မှ တာဝန်ရှိသူများ၊ အမျိုးသမီးနှင့်ကလေး အထူးကုဆေးရုံကြီးမှ တာဝန်ရှိသူများက နှုတ်ခမ်းကွဲအာခေါင်ကွဲ လူနာများအား ကူညီဆောင်ရွက်ပေးခဲ့ကြရာ ကမ္ဘောဇဘဏ်၊ ကမ္ဘောဇအုပ်စု၏ နာယကကြီး ဦးအောင်ကိုဝင်းက အထူးကုဆေးရုံကြီး၌ ခွဲစိတ်ကုသရန်နှင့် ကျန်းမာရေးစစ်ဆေးစစ်ဆေးရန်သည့် ကလေးငယ်များနှင့် မိဘများအား အားပေးစကား ပြောကြားခဲ့သည်။

 

ဆဋ္ဌမအကြိမ်မြောက် ခွဲစိတ်ကုသရေးအစီအစဉ်ကို မတ် ၂၄ ရက်မှ ၃၀ ရက်အထိ  ပြုလုပ်သွားမည် ဖြစ်ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကလေးငယ်များ၏ဘဝကောင်းမွန် စေရန် ဆောင်ရွက်သွားမည်ဖြစ်သည်။ ယခင်ခွဲစိတ်ကုသရေး အစီအစဉ် (၅) ကြိမ်တွင် မြန်မာနိုင်ငံ တစ်ဝန်းမှ ကလေးငယ် (၄၉၉) ဦးကို ရာနှုန်းပြည့် အောင်မြင်စွာ ခွဲစိတ်ကုသ ပေးနိုင်ခဲ့သည်။ ဆဋ္ဌမအကြိမ်မြောက် ခွဲစိတ်ကုသရေး အစီအစဉ်များကို Smile Asia အဖွဲ့မှ အမေရိကန်၊ ဂျာမနီ၊ တရုတ်၊ စင်ကာပူ၊ ဒိန်းမတ်၊ ပြင်သစ်၊ သြစတေးလျ၊ ဂျပန်၊ ဟောင်ကောင်၊ မြန်မာ၊ ဖိလစ်ပိုင် အစရှိသည့် နိုင်ငံတကာမှ ကျွမ်းကျင်ခွဲစိတ် ဆရာဝန်ကြီးများ၊ ဆေးဘက်ပညာရှင်များနှင့်အတူ မြန်မာနိုင်ငံမှ ကျွမ်းကျင် ခွဲစိတ်ဆရာဝန်ကြီး များနှင့်ဆေးဘက်ပညာ ရှင် များပူးပေါင်း၍ ခွဲစိတ်ကုသမှုများ ဆောင်ရွက်သွားမည် ဖြစ်သည်။

 

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာ ဖောင်ဒေးရှင်းအနေဖြင့် လူနာများခွဲစိတ်ကုသမှုခံယူနေစဉ် လိုအပ်သည့် ကိစ္စအားလုံးကိုတာဝန်ယူ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။ ကမ္ဘောဇအနာဂတ် အလင်းတန်းမြန်မာဖောင်ဒေးရှင်းသည် နိုင်ငံတော်နှင့် ပြည်သူအတွက် ယနေ့အထိ စုစုပေါင်းကျပ်ငွေ  (၁၅၄) ဘီလီယံကျော်ကို လှူဒါန်းခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

 

(သတင်းစဉ်) 

 

0.0