ကမ္ဘောဒီးယားနိုင်ငံတွင် ပြည်တွင်း၌ ပထမဆုံးအကြိမ် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုတွေ့ရှိ

ဖနောင်ပင်  ၃၀  နိုဝင်ဘာ

ကမ္ဘောဒီးယားနိုင်ငံ၌ ပထမဆုံးအကြိမ် ပြည်တွင်း၌ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ခြောက်ဦး စစ်ဆေး တွေ့ရှိခဲ့မှုကြောင့် မြို့တော်ဖနောင်ပင်ရှိ ချမ်ခါမွန်ဒေသ၌ Aeon Mall ဈေးဝယ်ကုန်တိုက်ကို ယာယီ ပိတ်ထားကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး အော်ဗန်ဒင်းက နိုဝင်ဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။

မြို့တော်ဖနောင်ပင်နှင့် ဆီအန်ရိပြည်နယ်တွင် နေထိုင်သည့် အသက် ၅၆ နှစ်ရှိ ကမ္ဘောဒီးယားအမျိုးသမီးနှင့် ၎င်း၏ခင်ပွန်း အပါအဝင် အခြားမိသားစုဝင် လေးဦးတို့ ကိုဗစ်-၁၉ ကူးစက်ခံထားရကြောင်း နိုဝင်ဘာ ၂၈ ရက်တွင် စစ်ဆေးတွေ့ရှိခဲ့သည်။ ရောဂါကူးစက်ခံထားရသူများကို ဖနောင်ပင်ရှိ ခမာဆိုဗီယက် ဖရန့်ရှစ်ပ် ဆေးရုံ၏ သီးသန့်လူနာဆောင်များသို့ ဆေးကုသမှုခံယူရန် ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ရောဂါကူးစက်ခံထားရသည့် အမျိုးသမီးမှာ မည်သည့်နေရာမှ ရောဂါကူးစက်ခံခဲ့ရကြောင်း မသိရှိရသေးပေ။ ၎င်းသည် ကိုဗစ်-၁၉ စစ်ဆေးခြင်း မခံယူမီ သုံးရက်ကြာအောင် ဖျားနာခဲ့ကြောင်း၊ ထို့နောက်တွင် ပြည်ထဲရေး ဝန်ကြီးဌာန အကျဉ်းထောင်၏ အထွေထွေညွှန်ကြားရေးမှူးဖြစ်သူ ၎င်း၏ခင်ပွန်းထံသို့ ကူးစက်ခဲ့ပြီး အခြားမိသားစုဝင်များသို့လည်း ကူးစက်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးက ပြောသည်။

သို့ရာတွင် နိုင်ငံအတွင်းရှိ ကျောင်းများကို ပိတ်ထားရန် ညွှန်ကြားဦးမည် မဟုတ်ကြောင်း ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဆမ်ဒက်ဟွန်ဆန်က ပြောကြားခဲ့သည်။

ဆင်ဟွာ