ကမ္ဘောဒီးယားအာဏာပိုင်များက အကြီးမားဆုံးသော ဖမ်းဆီးမှုအတွင်း ဆင်စွယ် ၃ ဒသမ ၂တန်ကို သိမ်းဆည်း ရမိခဲ့ကြောင်းသိရသည်။
ကမ္ဘောဒီးယားနိုင်ငံမြို့တော် ဖနွမ်ပင်မြို့ရှိ ဆိပ်ကမ်းတစ်ခုတွင် ဆင်စွယ် ၁၀၂၆ ကို တနင်္ဂနွေနေ့က ဖမ်းဆီးရမိခဲ့ကြောင်း ကမ္ဘောဒီးယားအာဏာပိုင်များက ပြောကြားသည်။
အာဖရိကတိုက်တောင်ပိုင်း မိုဇမ်ဘစ်နိုင်ငံမှ ပြီးခဲ့သည့်နှစ်အတွင်း ကမ္ဘောဒီးယားနိုင်ငံဆိပ်ကမ်းသို့ ရောက်ရှိလာခဲ့သည့် ကွန်တိန်နာတစ်လုံးထဲတွင် စကျင်ကျောက်များ နှင့် ရောနှောလျက် အဆိုပါ ဆင်စွယ်များကို ဝှက်ထားခဲ့ကြောင်း AFP သတင်းဌာနက ဖော်ပြသည်။
အဆိုပါ ဆင်စွယ်ပိုင်ရှင်ကိုမူ မသိရှိရကြောင်း ၎င်းသတင်းဌာနက ပြောကြားခဲ့သည်။
မျိုးသုဉ်းပျောက်ကွယ်တော့မည့် မျိုးစိတ်များကုန်သွယ်မှု ကာကွယ်စောင့်ရှောက်ရေး နိုင်ငံတကာ ကွန်ဗင်းရှင်းအရ နိုင်ငံတကာ၌ ဆင်စွယ်များ ကုန်သွယ်ခွင့်ကို ပိတ်ပင်ထားသည်။
တရုတ်နှင့်ဗီယက်နမ်တို့အပါအဝင် နိုင်ငံအများအပြားမှ ဆင်စွယ်အဆင်တန်ဆာ ဝယ်လိုအားများပြားမှုကြောင့် တရားမဝင် ဆင်စွယ်ကုန်ကူးမှုမှာ များပြားလျက်ရှိနေဆဲဖြစ်သည်။
ထိုင်းအာဏာပိုင်များက ဆင်စွယ်မှောင်ခိုကုန်ကူးသူများကို အရှိန်မြင့် နှိမ်နင်းမှုများပြုလုပ်ပြီးနောက် ကမ္ဘောဒီးယားနိုင်ငံသည် အရှေ့တောင်အာရှ၏ အဓိကဆင်စွယ်ပို့ရာ ကြားခံနေရာတစ်ခု ဖြစ်လာခဲ့သည်။
ကမ္ဘောဒီးယား အာဏာပိုင်များသည် ၂၀၁၄ခုနှစ်တွင်လည်း ဆင်စွယ် ၃တန်နီးပါး ဖမ်းဆီးရမိခဲ့သေးသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်