ကမ္ဘောဒီးယားနိုင်ငံသို့ ယခုနှစ်ပထမနှစ်လအတွင်း နိုင်ငံတကာခရီးသွား တစ်သန်းနီးပါးဝင်ရောက်

မတ် ၂၁

ကမ္ဘောဒီးယားနိုင်ငံသို့ ၂၀၂၄ ခုနှစ် ပထမနှစ်လအတွင်း နိုင်ငံတကာခရီးသွား ၉၈၈၅၇၄ ဦး ဝင်ရောက်ခဲ့ရာ လွန်ခဲ့သောနှစ် အလားတူကာလက  နိုင်ငံတကာခရီးသွား ၈၃၇၄၄၆ ဦး ဝင်ရောက်မှုထက် ၁၈ ရာခိုင်နှုန်း မြင့်မားခဲ့ကြောင်း ခရီးသွားလုပ်ငန်းဝန်ကြီးဌာနက ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။ ယခုနှစ် ဇန်နဝါရီလမှဖေဖော်ဝါရီလအတွင်း ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတကာခရီးသွားဝင်ရောက်မှုတွင် ထိုင်းနိုင်ငံမှခရီးသွားဝင်ရောက်မှု အများဆုံးဖြစ်ပြီး ၎င်းနိုင်ငံပြီးလျှင် ဗီယက်နမ်နှင့် တရုတ်နိုင်ငံတို့ဖြစ်ကြောင်း ဖော်ပြထားသည်။ ၂၀၂၃ ခုနှစ်က ကမ္ဘောဒီးယားနိုင်ငံသို့  နိုင်ငံတကာခရီးသွား ၅ ဒသမ ၄၅ သန်း ဝင်ရောက်ခဲ့ရာ ခရီးသွားလုပ်ငန်းမှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၀၈ ဘီလီယံ ဝင်ငွေရရှိခဲ့ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ်က မတ်လ ၁၆ ရက်က ပြောကြားသည်။ ၂၀၁၉ ခုနှစ်က နိုင်ငံတကာခရီးသွား ၆ ဒသမ ၆ သန်းဝင်ရောက်ခဲ့ပြီး ခရီးသွားလုပ်ငန်းမှ ၄ ဒသမ ၉၂ ဘီလီယံ ဝင်ငွေရရှိခဲ့သည်ဟု ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနက ပြောကြားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို