ကမ္ဘောဒီးယားနိုင်ငံ၌ မျောက်ကျောက်ရောဂါဖြစ်ပွားသူနှစ်ဦး ထပ်မံတွေ့ရှိ

မတ် ၂၂

ကမ္ဘောဒီးယားနိုင်ငံတွင် မျောက်ကျောက်ရောဂါဖြစ်ပွားသူနှစ်ဦး ထပ်မံတွေ့ရှိခဲ့ရာ ယခုလက်ရှိအချိန်အထိ မျောက်ကျောက်ရောဂါဖြစ်ပွားသူပေါင်း ၁၄ ဦးအထိမြင့်တက်လာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့က ထုတ်ပြန်ခဲ့သည်။ အဆိုပါမျောက်ကျောက်ရောဂါဖြစ်ပွားသူနှစ်ဦးသည် ဆေးရုံတွင်ကုသမှုခံနေဆဲဖြစ်သည်ဟု သိရသည်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလနောက်ပိုင်း မျောက်ကျောက်ရောဂါဖြစ်ပွားကြောင်းစစ်ဆေးတွေ့ရှိမှု ၁၄ ဦးရှိလာသည်။ မျောက်ကျောက်ရောဂါဖြစ်ပွားသူအားလုံးသည် အမျိုးသားများဖြစ်ကြပြီး အသက် ၂၀ နှင့် ၃၉ နှစ်ကြားအရွယ်များဖြစ်ကြောင်း ထိုဝန်ကြီးဌာနက ပြောကြားသည်။ ၎င်းတို့အားလုံးနီးပါးသည် မြို့တော်ဖနောင်ပင်တွင် နေထိုင်ပြီးအလုပ်လုပ်ကိုင်နေသူများဖြစ်သည်ဟု သိရသည်။ ကျန်းမာရေးဝန်ကြီးဌာနက မျောက်ကျောက်ရောဂါအုပ်စုလိုက် အများအပြား ကူးစက်ဖြစ်ပွားမှုမှကာကွယ်ရန်အလို့ငှာ ပိုမိုသတိပြုနေထိုင်ကြရန် နိုင်ငံသားများအားပြောကြားထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို