ကမ္ဘောဒီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၇၂၃ ဦးထပ်မံတွေ့ရှိ

ဇွန် ၂၉

ကမ္ဘောဒီးယားနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၇၂၃ ဦး ထပ်မံတွေ့ရှိခဲ့သဖြင့် ကူးစက်ခံရသူပေါင်း ၄၉၂၅၅ ဦးရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

နိုင်ငံတစ်ဝန်း ဒေသတွင်းကူးစက်မှု ၆၂၅ ဦး ရှိလာသည်ဟု ထိုဝန်ကြီးဌာနက ဆိုသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် ၁၉ ဦး သေဆုံးခဲ့ရာ သေဆုံးသူပေါင်း ၅၇၅ ဦးအထိ ရှိလာသည်။

ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူစုစုပေါင်း ၄၃၄၇၃ ဦး ရှိသည်။

ကမ္ဘောဒီးယားနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုကို ဖေဖော်ဝါရီ ၁၀ ကစတင်လုပ်ဆောင်ခဲ့သည်။

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသူ ၄ ဒသမ ၀၁ သန်းရှိပြီး ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသူ ၂ ဒသမ ၉၃ သန်းရှိရာ ဇွန် ၂၈ ရက်နေ့အထိ ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးသူ ၆ ဒသမ ၉၄ သန်းခန့်ရှိသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို