ကမ္ဘောဒီးယားနိုင်ငံ၌ ၁၀ လတာကာလအတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူမရှိ

ဖနောင်ပင် ဒီဇင်ဘာ ၂၁

 

ကမ္ဘောဒီးယားနိုင်ငံ၌ ဒီဇင်ဘာ ၂၀ ရက်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ မရှိခဲ့ခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူမရှိခဲ့သည်မှာ ဖေဖော်ဝါရီလ နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ပြောကြားသည်။ ။

 

ဒီနေ့ဟာ ကမ္ဘောဒီးယားနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူမရှိခဲ့တာ ၁၀ လတာကာလအတွင်း  ပထမဆုံးအကြိမ်ဖြစ်ပြီး ဒီနေ့တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ အရေအတွက်ကလည်း ခုနစ်ဦးပဲရှိခဲ့ပါ တယ် ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ပြောကြားသည်။

 

လက်ရှိတွင် ကမ္ဘောဒီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁၂၀၄၂၃ ဦးရှိကြောင်း၊ အဆိုပါ ရောဂါကြောင့် သေဆုံးသူပေါင်း ၃၀၀၅ ဦး ရှိကြောင်းနှင့် ပြန်လည်ကျန်းမာလာသူ စုစုပေါင်း ၁၁၆၈၀၃ ဦးရှိကြောင်း ကမ္ဘောဒီးယား ကျန်းမာရေးဝန်ကြီးဌာန က ပြောကြားသည်။

 

ကမ္ဘောဒီးယားနိုင်ငံသည် တရုတ် နိုင်ငံမှ အဓိကထောက်ပံ့သည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများနှင့်အတူ နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံမှုအစီအစဉ်ကို ဖေဖော်ဝါရီ ၁၀ ရက် တွင် စတင်ခဲ့ခြင်းဖြစ်သည်။

 

လက်ရှိတွင် ကမ္ဘောဒီးယားနိုင်ငံ၌ လူဦးရေ ၁၆ သန်းရှိသည့်အနက် ၈၈ ဒသမ ၉ ရာခိုင်နှုန်း သို့မဟုတ် ၁၄ ဒသမ ၂ သန်းသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတစ်ကြိမ် ထိုးနှံမှုခံယူပြီးဖြစ်ကြောင်း ကမ္ဘောဒီးယား ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။ ။

 

ထို့ပြင် ကမ္ဘောဒီးယားနိုင်ငံ၌ နိုင်ငံလူဦးရေ၏ ၈၅ ရာခိုင်နှုန်း သို့မဟုတ် လူဦးရေ ၁၃ ဒသမ ၆ သန်းနီးပါးသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံမှုခံယူပြီးဖြစ်ကြောင်းနှင့် နိုင်ငံလူဦးရေ၏ ၁၉ ရာခိုင်နှုန်း သို့မဟုတ် ၃ ဒသမ ၀၆ သန်းသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတတိယအကြိမ် အပိုဆောင်း ထိုးနှံမှုခံယူပြီးဖြစ်ကြောင်း ကမ္ဘောဒီးယား ကျန်းမာရေးဝန်ကြီးဌာနက ဆက်လက် ပြောကြားသည်။

 

ကိုးကား - ဆင်ဟွာ၊

ဘာသာပြန် - အလင်းသစ်