ကမ္ဘောဒီးယားနိုင်ငံ အန်ကောဝပ်ရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ကမ္ဘာလှည့်ခရီးသည် ၃၃၂၀၅ ဦး လာရောက်လည်ပတ်ခဲ့

ဖနောင်ပင် မေ ၃

ကမ္ဘောဒီးယားနိုင်ငံ၏ နာမည်ကျော်ကမ္ဘာလှည့် ခရီးသည်များ အပန်းဖြေရာနေရာဖြစ်သည့် အန်ကောဝပ် ရှေးဟောင်းယဉ်ကျေးမှု နယ်မြေသို့ ယခုနှစ်ပထမလေးလအတွင်း ကမ္ဘာလှည့်ခရီးသည် ၃၃၂၀၅ ဦး လာရောက် လည်ပတ်ခဲ့ကြောင်း တာဝန်ရှိသူများက ယနေ့ပြောကြားသည်။

ယခုနှစ် ဇန်နဝါရီလမှ ဧပြီလအတွင်း အဆိုပါ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေမှ ဝင်ငွေ အမေရိကန် ဒေါ်လာ ၁ ဒသမ ၃၅ သန်းရရှိခဲ့ကြောင်း သိရသည်။ အဆိုပါရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ဧပြီလ တစ်လအတွင်း၌ပင် ကမ္ဘာလှည့်ခရီးသည် ၁၃၃၆၅ ဦး လာရောက်လည်ပတ်ခဲ့ပြီး ဝင်ငွေ အမေရိကန် ဒေါ်လာ ၅၃၇၀၀၀ ရရှိခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ ကမ္ဘာလှည့်ခရီးသည်များ နိုင်ငံ အတွင်းသို့ ဝင်ရောက်မှုများပြားလာခြင်းမှာ ယမန်နှစ် နိုဝင်ဘာလမှစတင်၍ နိုင်ငံ၏ နယ်စပ်ဒေသများအား ပြန်လည်ဖွင့်လှစ်ကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီးသည့် ကမ္ဘာလှည့်ခရီးသည်များအား နိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်ပြုခဲ့သောကြောင့်ဖြစ်သည်။

ကမ္ဘောဒီးယားနိုင်ငံ အနောက်မြောက်ပိုင်း ဆီရမ်ယိပြည်နယ်၌ တည်ရှိသည့် အန်ကောဝပ် ရှေးဟောင်းယဉ်ကျေးမှု နယ်မြေအား ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်နေရာအဖြစ် ၁၉၉၂ ခုနှစ်တွင် ယူနက်စကို က သတ်မှတ်ခဲ့သည်။

ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း အဆိုပါ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ တစ်နေ့လျှင် ကမ္ဘာလှည့်ခရီးသည် ၇၀ ခန့်သာ လာ‌ရောက်ခဲ့ရာမှ လက်ရှိအချိန်တွင် တစ်နေ့လျှင် ကမ္ဘာလှည့်ခရီးသည် ၄၀၀ ခန့် လာရောက်လည်ပတ်လျက်ရှိကြောင်း ကမ္ဘောဒီးယားနိုင်ငံ ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ တော့ပ်ဆိုဖတ်က ပြောကြားသည်။ ၂၀၁၉ ခုနှစ်တွင် အန်ကောဝပ် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ကမ္ဘာလှည့် ခရီးသည် ၂ ဒသမ ၂ သန်းခန့် လာရောက်လည်ပတ်ခဲ့ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၉၉ သန်း ရရှိကြောင်း သိရသည်။

ကိုးကား - ဆင်ဟွာ၊

ဘာသာပြန် - စိုးသူရ