ကမ္ဘာ့ဝူရှူးပြိုင်ပွဲယှဉ်ပြိုင်ရန် မြန်မာဝူရှူးအဖွဲ့ ထွက်ခွာ

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ အောက်တိုဘာ ၂၀ ရက်မှ ၂၃ ရက်အထိ ကျင်းပမည့် (၁၅) ကြိမ်မြောက် ကမ္ဘာ့ဝူရှူးပြိုင်ပွဲ ယှဉ်ပြိုင်ရန် မြန်မာဝူရှူးအဖွဲ့သည် ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့မှ ထွက်ခွာသွားသည်။

 

မြန်မာဝူရှူးအဖွဲ့တွင် အုပ်ချုပ်သူ- ဦးဇော်ဇော်မိုး၊ နည်းပြ- ဦးဖြိုးဝေမြင့်၊ ဒေါ်ခိုင်ခိုင်မော်၊ ကစားသမားများအဖြစ် အမျိုးသား- ငြိမ်းချမ်းကိုကို၊ သိန်းသန်းဦး၊ မျိုးမင်းကြီး၊ ခန့်မင်းထက်၊ မင်းခန့်ဇော်၊ အမျိုးသမီး- စန္ဒီဦး၊ အေးသစ္စာမြင့်နှင့် မြတ်နိုးအိမ်တို့ လိုက်ပါသွားသည်။ မြန်မာဝူရှူးအဖွဲ့သည် ကမ္ဘာ့ပြိုင်ပွဲမတိုင်မီ နည်းစနစ်ပိုင်းဆိုင်ရာ ပိုမိုတိကျစွာ လေ့ကျင့်ပြင်ဆင်ရန် ဟန်ကျိုးမြို့သို့ ကြိုတင်သွားရောက်ကာ လေ့ကျင့်ခြင်းဖြစ်သည်။ ယင်းပြိုင်ပွဲတွင် ကမ္ဘာ့နိုင်ငံ အနှံ့အပြားမှ ကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး မြန်မာဝူရှူးအဖွဲ့အနေဖြင့် ဆီးဂိမ်းပြိုင်ပွဲ မတိုင်မီ ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။ 

 

မြန်မာ့လက်ရွေးစင် ဝူရှူးကစားသမားများအနက် ထိုက်ချိချွမ်နှင့် ထိုက်ချိကျန့်ပြိုင်ပွဲတွင် ငြိမ်းချမ်းကိုကို၊ နန်းတောင်း၊ နန်းချွမ်၊ နန်းကွန့်ပြိုင်ပွဲတွင် သိန်းသန်းဦး၊ ချန်းချွမ်၊ တောင်းစုနှင့် ကွန့်စုပြိုင်ပွဲတွင် မျိုးမင်းကြီး၊ ချန်းချွမ်နှင့် ကျန့်စုပြိုင်ပွဲတွင် ခန့်မင်းထက်၊ ချန်းချွမ်ပြိုင်ပွဲတွင် မင်းခန့်ဇော်၊ အမျိုးသမီး ချန်းချွမ်၊ ကျန့်စုနှင့် ချန်းစုပြိုင်ပွဲတွင် စန္ဒီဦး၊ နန်းချွမ်၊ နန်းတောင်းနှင့် နန်းကွန့်ပြိုင်ပွဲတွင် အေးသစ္စာမြင့်၊ ထိုက်ချိချွမ်နှင့် ထိုက်ချိကျန့်ပြိုင်ပွဲတွင် မြတ်နိုးအိမ်တို့ ယှဉ်ပြိုင်မည်ဖြစ်သည်။ ထို့ပြင် အမျိုးသား သုံးယောက်တွဲ အတိုက်ပြိုင်ပွဲတွင် မျိုးမင်းကြီး၊ သိန်းသန်းဦးနှင့် မင်းခန့်ဇော်အတွဲ၊ အမျိုးသမီး နှစ်ယောက်တွဲ အတိုက်ပြိုင်ပွဲတွင် စန္ဒီဦးနှင့် အေးသစ္စာမြင့်အတွဲတို့ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

 

သတင်း/ဓာတ်ပုံ-ကိုစိုင်း