ကမ္ဘာ့သန့်ရှင်းရေးနေ့တွင် မန္တလေးမြို့ရှိ မြို့နယ် ၇ ခုမှာ အမှိုက်ကောက်ပွဲ ကျင်းပ

မန္တလေး  ၂၁   စက်တင်ဘာ 

 

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီနှင့် မန္တလေးမြို့ရှိ လူမှုအဖွဲ့အစည်းများ ပူးပေါင်းကာ ကမ္ဘာ့သန့်ရှင်းရေးနေ့ အထိမ်းအမှတ် အမှိုက်ကောက်ပွဲကို ယနေ့ကျင်းပ ပြုလုပ်ခဲ့သည်။ 

 

စက်တင်ဘာ ၂၁ ရက်တွင် ကျရောက်မည့် ကမ္ဘာ့သန့်ရှင်းရေးနေ့တွင် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက ပုသိမ်ကြီးမြို့နယ်အပါအဝင် ခုနစ်မြို့နယ် ပူးပေါင်းကာ အိုးဘိုရွှေကျင်ဘက်မှ ရွှေကြက်ယက်အထိ ပူးပေါင်းအမှိုက်ကောက်ခဲ့သည်။

 

“တစ်ပတ်တစ်ခါ မန္တလေးမြို့တော်စည်ပင်ကနေ အမှိုက်ကောက်တယ်။ အဲ့ကနေတစ်ဆင့် မြို့နယ်အလိုက် ရပ်ကွက်အလိုက် သူ့ဟာသူလှုပ်ရှားမှု ရှိလာတယ်။ သွားရင်းလာရင်း စည်းကမ်းမရှိ အမှိုက်လျှောက်ပစ်တာတွေ သိပ်မရှိတော့ဘူး။ ကမ္ဘာ့သန့်ရှင်းရေးနေ့မှာလည်း ကမ်းနားလမ်းတစ်လျှောက်ကို (၇) မြို့နယ်လုံးက အတူတူပူးပေါင်း ဆောင်ရွက်တာပါ”ဟု သန့်ရှင်းရေးဌာန ဒုတိယဌာနမှူး ဦးစိုးတင့်အောင်က ပြောသည်။

 

လမ်း ၈၀ တစ်လျှောက်ကို အောင်မြေသာစံမြို့နယ်၊ ၂၆ လမ်းမှ ၃၅လမ်းအထိ၊ ချမ်းအေးသာစံမြို့နယ်၊ ၃၅ လမ်းမှ ၄၁ လမ်းအထိ၊ မဟာအောင်မြေမြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်နှင့် အမရပူရမြို့နယ်မှ ရှမ်းလေးကျွန်းကနေ ရွှေကြက်ယက်အထိလည်းကောင်း မြို့နယ်အလိုက် အသီးသီးတာဝန်ယူပြီး စုပေါင်းအမှိုက်ကောက်ခဲ့ကြသည်။

 

ကမ္ဘာ့သန့်ရှင်းရေးနေ့တွင် Clean Mandalay Campagin အဖွဲ့အစည်းကလည်း  မြို့တော်စည်ပင် သာယာရေးကော်မတီ ATP  တို့နှင့် ပူးပေါင်းကာ ပြည်ကြီးတံခွန် မြို့နယ်ရှိ သင်ပန်းကုန်းရပ်ကွက်၊ (၈)ရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက် သုံးခုကို ပိုင်းလော့ ပရောဂျက်ဧရိယာအဖြစ် သတ်မှတ်ပြီး အမှိုက်ကောက် အသိပညာပေးလှုပ်ရှားမှုနှင့်အတူ နံနက်ပိုင်းတွင် အမှိုက်ကောက်ကြမည်ဖြစ်ကြောင်း၊ ညနေပိုင်းတွင် သင်ပန်းကုန်းရပ်ကွက်တွင် တစ်ခန်းရပ်ပြဇာတ်များ ဖျော်ဖြေသွားမည်ဖြစ်ကြောင်းကို Clean Mandalay Carpagin အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးသန့်ဇော်ထံက သိရသည်။

 

ကမ္ဘာ့သန့်ရှင်းရေးနေ့ အထိမ်းအမှတ်အဖြစ် ဆောင်ရွက်ရာတွင်  အများပြည်သူကို အသိပေးရန် အမှိုက် စနစ်တကျစွန့်ပစ်ရန် ဟောပြောပွဲများ၊ အမှိုက်နဲ့ ပတ်သက်ပြီး တစ်ခန်းရပ်ပြဇာတ်အငြိမ့်ခန်းများ ပါဝင်ဖျော်ဖြေမည်ဖြစ်ကြောင်း သိရသည်။


အိမို့မို့ခိုင်