ကမ္ဘာ့ဖလားခြေစစ်ပွဲအကြို ခြေစမ်းပွဲတွင် နီပေါကို မြန်မာအသင်း ဂိုးပြတ်အနိုင်ရ

၇   နိုဝင်ဘာ

၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့်ခြေစစ်ပွဲယှဉ်ပြိုင်နေသည့် မြန်မာ့လက်ရွေးစင် အသင်းနှင့် နီပေါလက်ရွေးစင်အသင်းတို့၏ ခြေစမ်းပွဲကို ယနေ့ညနေပိုင်းက မန္တလေးမြို့ရှိ မန္တလာသီရိကွင်း၌ ကျင်းပရာ မြန်မာအသင်းက သုံးဂိုးပြတ်အနိုင်ရခဲ့သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် တစ်ကျော့ပြန်နည်းပြချုပ် အန်တွမ်နီဟေးလက်ထက် ပထမဆုံးပွဲတွင် ဂိုးပြတ်နိုင်ပွဲရယူနိုင်ခဲ့ပြီး အဖွင့်လှခဲ့သည်။ 

မြန်မာအသင်းသည် နီပေါကိုဂိုးပြတ်အနိုင်ရသော်လည်း ခြေစွမ်းအရ အကောင်းဆုံးပုံစံမရသေးဘဲ လိုအပ်ချက်များရှိနေသေးသည်။ သို့သော် အန်တွမ်နီဟေးလက်ထက်တွင် မြန်မာကစားသမားများ၏ ကြိုးစားအားထုတ်မှုနှင့် စိတ်ဓာတ်ပိုင်းမှာ တိုးတက်မှုရှိလာခဲ့သည်။

နည်းပြအန်တွမ်နီဟေးသည် ပွဲထွက်လူစာရင်းတွင် ကျော်ဇင်ထက် (ဂိုး)၊ ဒေးဗစ်ဒန်း၊ ငြိမ်းချမ်း၊ ဇော်မင်းထွန်း၊ နန္ဒကျော်၊ လှိုင်းဘိုဘို၊ မျိုးကိုထွန်း၊ မောင်မောင်လွင်၊ ရန်နိုင်ဦး၊အောင်သူနှင့် ဆွမ်လမန်တို့ကို အသုံးပြုခဲ့သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ပွဲအစတွင် ကစားပုံကောင်းခဲ့ပြီး ၂ မိနစ်မှာပင် အောင်သူ၏ ပြစ်ဒဏ်ဘောကို ဆွမ်လမန်က ပိတ်သွင်းကာ အဖွင့်ဂိုးသွင်းယူပေးခဲ့သည်။ ယင်းနောက်ပိုင်းတွင် မြန်မာအသင်း ကစားပုံကောင်းခဲ့သလို ဂိုးသွင်းခွင့်များ ထပ်မံဖန်တီးနိုင်သော်လည်း အသုံးမချနိုင်၍ ဂိုးထပ်မရခြင်းဖြစ်သည်။

မိနစ် ၂၀ နောက်ပိုင်းတွင် နီပေါအသင်းပြန်လည်ဖိအားပေးကစားနိုင်ခဲ့ပြီး မြန်မာအသင်းမှာလည်း ဖိအားပေးခံရချိန်တွင် အမှားများကာ အခွင့်အရေးများ ပြန်ပေးခဲ့ရသည်။ ပထမပိုင်းပြီးခါနီးမှ မြန်မာအသင်း ဒုတိယဂိုးထပ်ရခဲ့ပြီး ဒေးဗစ်ဒန်းကသွင်းယူခဲ့ခြင်းဖြစ်သည်။ ဒုတိယပိုင်းတွင် မြန်မာအသင်းက ဝင်းနိုင်စိုး၊ သန်းထက်အောင်၊ တင်ဝင်းအောင်နှင့်  ဇင်မင်းထွန်းတို့ကိုထည့်ကာ တိုက်စစ်မြင့်ခဲ့သည်။ ဒုတိယပိုင်းအစတွင် နီပေါအသင်းက ဖိကစားနိုင်ခဲ့ပြီး ဂိုးပေါက်ခြိမ်းခြောက်မှုများ ပြုလုပ်နိုင်ခဲ့ပြီး မိနစ် ၆၀ နောက်ပိုင်းမှ မြန်မာအသင်း ပွဲကိုထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် မိနစ် ၆၀ နောက်ပိုင်း ဂိုးရနိုင်သည့် အပိုင်အခွင့်အရေးများစွာရခဲ့သော်လည်း တစ်ဂိုးသာရခဲ့သောကြောင့် အဆုံးသတ်ဂိုးသွင်းသေချာရန် ကြိုးပမ်းရမည်ဖြစ်သည်။ မြန်မာအသင်းအတွက် တတိယဂိုးကို ၆၉ မိနစ်တွင် အောင်သူ၏ ဖန်တီပေးမှုမှတစ်ဆင့်
လှိုင်းဘိုဘိုက သွင်းယူခဲ့ခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် မန္တလေးမြို့တွင် ကစားမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲများအတွက် ဆက်လက်နေထိုင်လေ့ကျင့်မည်ဖြစ်ပြီး နိုဝင်ဘာ ၁၄ ရက်တွင် တာဂျစ်ကစ္စတန်အသင်း၊ နိုဝင်ဘာ ၁၉ ရက်တွင် မွန်ဂိုလီးယားလက်ရွေးစင်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်