ကမ္ဘာပေါ်၌ ရက်သတ္တပတ်လျှင် လူ ၅ဝဝဝဝ ခန့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးလျက်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ပြောကြား

ဂျီနီဗာ ဒီဇင်ဘာ ၂၄

ကမ္ဘာပေါ်တွင် သီတင်းပတ်တစ်ခုကုန်ဆုံးပြီးသည့်အချိန်တိုင်း လူ ၅၀၀၀၀ ခန့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးနေရသည်ကို တွေ့ရှိရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဂီဘရီယီဆက်က ပြောကြားသည်။

အထက်ပါပြောကြားချက်အား ယမန်နေ့က မီဒီယာများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်ပြီး ကမ္ဘာပေါ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးသာတူညီမျှရရှိရေး ဆောင်ရွက်ရန်အတွက်လည်း ၎င်းက တောင်းဆိုခဲ့သည်။ လက်ရှိအချိန်တွင် ကမ္ဘာပေါ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး သာတူညီမျှ မရရှိခြင်းကြောင့် လူ့အသက်ပေါင်းများစွာ ဆုံးရှုံးနေရသည်ကို တွေ့မြင်နေရကြောင်း၊ ၂၀၂၁ ခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် လူပေါင်း ၃ ဒသမ ၅ သန်း အသက်ဆုံးရှုံးခဲ့ကြောင်းနှင့် ကမ္ဘာပေါ်၌ ကိုဗစ်၁၉ ရောဂါ စတင်ဖြစ်ပွားသောအချိန်မှ လက်ရှိအချိန်အထိ လူပေါင်း ၅ ဒသမ ၃ သန်းကျော် သေဆုံးခဲ့ကြောင်း ၎င်းကပြောကြားသည်။

ကမ္ဘာပေါ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဖြန့်ဖြူးရေး၌ အခက်အခဲများ ရှိနေသောကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဝင်နိုင်ငံများ၏ ထက်ဝက်ခန့်တွင်သာ နိုင်ငံလူဦးရေ၏ ၄၀ ရာခိုင်နှုန်းအား ယခုနှစ်ကုန်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ ကမ္ဘာ့နိုင်ငံတိုင်းရှိ လူဦးရေ၏ ၄၀ ရာခိုင်နှုန်းအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရန်အတွက် COVAX ကဲ့သို့သော ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထောက်ပံ့ရေးအစီအစဉ်မှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး လုံလောက်စွာရရှိရန်လိုအပ်ကြောင်း ၎င်းက ပြောကြားသည်။

ကမ္ဘာပေါ်ရှိနိုင်ငံတိုင်းသည် အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ် ကာကွယ်ရေးအတွက် သတိထား ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ နည်းပညာ အကြီးအကဲ မာရီယာဗန်ကာကိုဗီက ပြောကြားသည်။ ၂၀၂၂ ခုနှစ်၌ ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု အဆုံးသတ်ရေးအတွက် မျှော်လင့်ထားကြောင်း ဂီဘရီယီဆက် က ပြောကြားသည်။

ကိုးကား - စီဂျီတီအင်န်၊

ဘာသာပြန် - စိုးသူရ