ကမ္ဘာပေါ်မှာ ကပ်ရောဂါတွေ ဘယ်လိုမျိုးအဆုံးသတ်လေ့ရှိသလဲ

ခြူးစန္ဒီနွေး

ကမ္ဘာပေါ်မှာ ရှေးယခင်ကတည်းက ကပ်ရောဂါတွေ ဖြစ်ပေါ်ဖူးပြီး လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀ဝ ခန့်က တုပ်ကွေးတစ်မျိုးကြောင့် ကမ္ဘာ့လူဦးရေရဲ့ သုံးပုံပုံ တစ်ပုံထိခိုက် ခံစားခဲ့ရပါတယ်။ သုံးနှစ်ကြာတဲ့ နောက်မှာတော့ အဲဒီ ကြောက်မက်ဖွယ်ကောင်းတဲ့ တုပ်ကွေးရောဂါဟာ ပြီးဆုံးသွားခဲ့ပါတယ်။ အဲဒီအချိန်တုန်းကဆိုရင် လူတွေဟာ ဗိုင်းရပ်စ်တွေအကြောင်းကို  နားမလည်သေးသလို ခေတ်မီဆေးပညာတွေနဲ့  ကုသမှုတွေလည်း မရှိသေးပါဘူး။ အခုအချိန်မှာ အားလုံးသိချင်နေကြတဲ့ မေးခွန်းကတော့ ကပ်ရောဂါကြီး  ဘယ်လိုမျိုး အဆုံးသတ်သွား မလဲဆိုတာပါပဲ။

 

အချက်သုံးချက်လို

ကပ်ရောဂါတစ်ခုဖြစ်လာဖို့ဆိုရင် အချက်သုံးချက် လိုပါတယ်။ ကူးစက်နိုင်တဲ့ ရောဂါတစ်ခုဟာ အခြေအနေ သုံးမျိုးအောက်မှာ  ကပ်ရောဂါကြီးတစ်ခု  ဖြစ်လာနိုင် တယ်လို့ ကွင်းစလန်းတက္ကသိုလ်က ရောဂါပိုးမွှားဗေဒ ပညာရှင် ဒေါက်တာခရစ်စတီရှော့က ပြောပါတယ်။ နံပါတ်တစ်အချက်က ကူးစက်နိုင်တဲ့ရောဂါဟာ လူတွေမှာဖြစ်ရမယ်။ နှစ်အချက်ကတော့   ကူးစက်မှုနှုန်း အလွန်မြင့်ရမယ်၊  နံပါတ်သုံးအချက်ကတော့ အဲဒီရောဂါကို ခုခံတွန်းလှန်နိုင်တဲ့ ကိုယ်ခံစွမ်းအား ရှိမနေရပါဘူး။ ဒီအချက်သုံးချက်နဲ့ ပြည့်စုံရင် ကပ်ရောဂါကြီး ဖြစ်လာတာပဲလို့ သူက ရှင်းပြပါတယ်။ အခုအချိန်မှာ တော့ လူအချင်းချင်းခပ်ခွာခွာနေထိုင်ခြင်း၊ နှာခေါင်းစည်း တပ်ဆင်ခြင်းအစရှိတဲ့ လုပ်ဆောင်မှုတွေ လုပ်ဆောင်ပြီး ကိုဗစ်-၁၉ ကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေကြရပါတယ်။ ဒါပေမယ့်လည်း ကပ်ရောဂါကို အမှန်တကယ် ထိန်းချုပ်နိုင်မယ့်  အချက်ကတော့ နံပါတ်သုံးအချက် ဖြစ်တဲ့ ကိုယ်ခံစွမ်းအားပါပဲ။

 

ဝက်တုပ်ကွေး

၂၀၀၉ ခုနှစ် ဧပြီလမှာ ဝက်တုပ်ကွေးဖြစ်ခဲ့ပြီး အခြားသော တုပ်ကွေးရောဂါတွေနဲ့မတူဘဲ  လျင်လျင် မြန်မြန်ပဲ  ကူးစက်ပျံ့နှံ့ခဲ့ပါတယ်။  ကမ္ဘာ့လူဦးရေရဲ့ ၁ဝ ရာခိုင်နှုန်း ထိခိုက်ခံစားခဲ့ရပြီး ခြောက်လ ကြာတဲ့အခါမှာတော့ ကပ်ရောဂါဖြစ်လာပါတယ်။ ဒါပေမယ့် ကာကွယ်ဆေးဟာ  လက်လှမ်းမီခဲ့ပါတယ်။ နောက်ပိုင်း နှစ်တွေမှာတော့ ဝက်တုပ်ကွေးဟာ ရာသီတုပ်ကွေးပုံစံနဲ့ ပြန်ဖြစ်ပေမယ့် ကပ်ရောဂါ အဆင့်ထိတော့ ရောက်မလာတော့ပါဘူး။

 

၁၉၁၈ ခုနှစ်က တုပ်ကွေးရောဂါ

၁၉၁၈ ခုနှစ်က တုပ်ကွေးရောဂါကို ပြန်ကြည့်မယ် ဆိုရင် သူဟာလည်းကိုဗစ် -၁၉ လိုပဲ  သမိုင်းမှာ ဖျက်အား ကြီးခဲ့တဲ့ ကပ်ရောဂါတစ်ခုပါပဲ။ အဲဒီတုပ်ကွေးရောဂါက ရောဂါကာကွယ်ဆေးမရှိဘဲ  ဘယ်လိုမျိုးပျောက်ကွယ် သွားခဲ့ပါသလဲ။ ဒါဟာ ကပ်ရောဂါဖြစ်စေတဲ့ အချက်သုံးချက်ထဲက  တစ်ချက် ပြောင်းလဲသွားလို့ပါပဲ။ အဖြေကတော့ ကိုယ်ခံစွမ်းအားပါပဲ။ ဒါပေမယ့်လည်းကာကွယ်ဆေး မရှိခဲ့တဲ့အတွက် ရောဂါပျောက်ကွယ်သွားဖို့ ၂၀၀၉ ခုနှစ်က ဝက်တုပ်ကွေးထက် အချိန်ပိုယူခဲ့ရပါတယ်။ ၁၉၁၈ ခုနှစ်တုန်းကတော့ ကာကွယ်ဆေးဆိုတာမပေါ်သေးပါဘူး။ ဗိုင်းရပ်စ်ကိုလည်း  မစစ်ဆေး နိုင်ပါဘူး။ ဒါကြောင့်  အဲဒီ ကပ်ရောဂါဟာ ၁၉၂၁  ခုနှစ်အထိ  အချို့သောနေရာတွေ မှာဖြစ်ပွားခဲ့တယ်လို့ ဒေါက်တာရှော့က ဆက်ပြောပါတယ်။

 

ခက်ခဲသည့်ကိစ္စ 

ကိုဗစ်-၁၉ မှာလည်း  ကာကွယ်ဆေးသာရရှိမယ်ဆိုရင် ကူးစက်ခံရမှုနှုန်း  လျော့ကျသွားမှာဖြစ်ပြီး   ကုသမှုတွေ တိုးတက်လာရင်တော့ သေဆုံးမှုနှုန်းကို လျှော့ချနိုင်မှာပဲ ဖြစ်ပါတယ်။ အကောင်းဆုံး ကုသမှုတွေနဲ့ ကာကွယ်ဆေး တွေရှိနေရင်တောင်   ဒီရောဂါဟာ လူတွေကြားထဲမှာ ဆက်လက် ရှိနေဦးမှာဖြစ်ပြီး ကပ်ရောဂါအဆင့်ကနေတော့ လျော့ကျသွားမယ်လို့သူက ဆက်ပြောပါတယ်။ ဒီဗိုင်းရပ်စ်ကို လူသားတွေဆီကနေ ဖယ်ရှားပစ်ဖို့ဆိုတာ အတော်လေး ခက်ခဲတဲ့ကိစ္စပါပဲ။ ဒီလိုဖြစ်ဖို့ဆိုရင် တစ်ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ဆေး မဟာဗျူဟာလိုအပ်ပြီး ဗိုင်းရပ်စ်ကို  ၁၀ဝ  ရာခိုင်နှုန်း အကာအကွယ်ပေးနိုင်တဲ့ ကာကွယ်ဆေးရရှိဖို့ လိုအပ်ပါတယ်။  ဒါ့အပြင်   ဗိုင်းရပ်စ်သန္ဓေ ပြောင်းလဲမှု ဖြစ်စဉ်ကိုလည်း  တားဆီးနိုင်ရမှာပဲ ဖြစ်ပါတယ်။  ကိုဗစ် -၁၉ ပေါ်ပေါက်လာခြင်းဟာ လူတွေကိုဘာတွေသတိပေး နေသလဲဆိုရင်  တိုးတက်တဲ့နည်းပညာနဲ့ ဆေးပညာတွေ ရှိနေပေမယ့် ရောဂါတွေနဲ့ပတ်သက်လာရင် ထိခိုက်နိုင်တဲ့အဆင့်မှာရှိနေပြီး  စောင့်ရှောက်မှုတွေ လိုအပ်နေဆဲပဲ ဆိုတာ ပြသလျက်ရှိပါတယ်။

 

၁၀ ယောက်မှ တစ်ယောက်ကူးစက်နိုင်

လက်ရှိအချိန်မှာတော့  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက  ကိုဗစ်-၁၉နဲ့ပတ်သက်ပြီးနောက် နောက်ထပ် ကြောက်မက် ဖွယ်ကောင်းတဲ့အချက် တစ်ချက်ကို ကြေညာခဲ့ပါတယ်။ အဲဒါကတော့ အကြမ်းဖျင်း အားဖြင့် ကမ္ဘာ့လူဦးရေရဲ့ ၁၀ ယောက်မှ တစ်ယောက်နှုန်း ကိုဗစ်-၁၉ ကူးစက်ခံရနိုင်ဖွယ် ရှိတယ်ဆိုတဲ့ အချက်ပါပဲ။ ဒီအတိုင်းသာဆိုရင် ကိုဗစ်-၁၉ ကြောင့် ကမ္ဘာ့လူဦးရေအားနည်းထိခိုက်စေမှာ အမှန်ပါပဲ။ ထိခိုက်မှုအန္တရာယ်တွေများနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးမှ ထိပ်တန်းအရာရှိတစ်ဦးက ပြောခဲ့ပါတယ်။  

 

လူပေါင်း ၃၅ သန်းကျော်ကူးစက်ခံထားရ

အခုဆိုရင် ကမ္ဘာပေါ်မှာလူပေါင်း ၃၅ သန်းကျော်ဟာ ကိုဗစ် -၁၉ ကူးစက်ခံထားရတယ်လို့   ဖော်ပြထားပေမယ့် တကယ်တမ်းကူးစက်ခံရတဲ့ အရေအတွက်ဟာ သန်း ၈၀ဝ နီးပါးရှိလိမ့်မယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ခန့်မှန်း ထားပါတယ်။  တကယ်တမ်းအတည်ပြုထားတဲ့  အရေအတွက် ထက် လက်တွေ့မှာ ကူးစက်ခံရတဲ့ အရေအတွက် မှာ ပိုမိုများပြားလိမ့်မယ်လို့ ကျွမ်းကျင်သူတွေက ပြောကြ ပါတယ်။ တစ်ကမ္ဘာလုံး ရင်ဆိုင်နေရတဲ့ ကပ်ရောဂါကို ဘယ်လိုတိုက်ဖျက်ကြမလဲဆိုတာ ဆွေးနွေးဖို့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး ရုံးစိုက်ရာ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ဆွေးနွေးတိုင်ပင် ခဲ့ကြပါတယ်။

 

အားပျော့မသွားသေး

အခုအချိန်ထိ   ကိုဗစ် - ၁၉  ကူးစက်မှုတွေဟာ အားပျော့သွားတဲ့  အရိပ်အယောင်မရှိသေးပါဘူး။  တချို့ သော တိုင်းပြည်တွေမှာဆိုရင် ကိုဗစ်-၁၉ ကန့်သတ်ချက်တွေ ဖြေလျှော့ပေးလိုက်တဲ့နောက်မှာ ကူးစက်မှုတွေ ပြန်လည်တိုးလာတာကို တွေ့နေရပါတယ်။ ကိုဗစ်-၁၉ ဒုတိယအကျော့ကို  ပြင်းပြင်း ထန်ထန် ခံစားနေကြရပါတယ်။   ခန့်မှန်းခြေအားဖြင့်  ကမ္ဘာ့လူဦးရေရဲ့ ၁ဝ ရာခိုင်နှုန်းမှာ ကိုဗစ် -၁၉ ကူးစက်ခံရနိုင်ဖွယ်ရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ကျန်းမာရေးဆိုင်ရာ  အရေးပေါ်အစီအစဉ်မှ အလုပ်အမှုဆောင်အရာရှိ မိုက်ရွိုင်ယန်က ပြောကြားခဲ့ပါတယ်။ နိုင်ငံအခြေအနေ၊ မြို့ပြနဲ့   ကျေးလက် အခြေအနေ၊ မတူညီတဲ့အုပ်စုတွေရဲ့အခြေအနေပေါ်မူတည်ပြီး အရေအတွက် ကွဲပြားနိုင်တယ်လို့ သူကဆက်ပြောပါတယ်။  ဒါပေမယ့်   ခန့်မှန်းထားတဲ့  အတိုင်းသာဖြစ်လာမယ်ဆိုရင်  လူတွေကို   ထိခိုက်စေ မယ့်အန္တရာယ်ကလည်း  အတော်လေးကြီးမားလာနိုင်ပါတယ်။

 

ကူးစက်မှုတွေပြန်လည်တိုးလာ

အခုဆိုရင် အရှေ့တောင်အာရှနိုင်ငံအချို့မှာ ကိုဗစ်-၁၉ ကူးစက်မှုတိုးလာနေပြီး ဥရောပနဲ့ မြေထဲပင်လယ် အရှေ့ပိုင်းဒေသတွေမှာလည်း ကူးစက်မှုနဲ့သေဆုံးမှုနှုန်းတွေ တိုးမြင့်နေတာကို တွေ့နေရပါတယ်လို့ ရွိုင်ယန်က ဆက်ပြောပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးနဲ့ အခြား သော ကျွမ်းကျင်သူတွေပြောကြတာကတော့ ကိုဗစ် - ၁၉ ရဲ့ မူရင်းဇာစ်မြစ်ဟာ   တိရစ္ဆာန်တွေဆီက   ကူးစက်မှု ဖြစ်မယ်ဆိုတဲ့ အကြောင်းပါပဲ။

ကိုးကား - စီအင်န်အေ၊ အေဘီစီ