ကမ္ဘာ့ငြိမ်းချမ်းရေးဆုရှင် IBEC ၏ ပဓာနနာယကဆရာတော် ဘဒ္ဒန္တသောဘိတ နှင့် တွေ့ဆုံမေးမြန်း လျှောက်ထား

မန္တလေး ၆ ဇူလိုင် 


 
ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့တွင် ၂၀၁၈ ခုနှစ် ဇွန်လ ၃၀ ရက်က ကျင်းပပြုလုပ်တဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး ဆုပေးပွဲတွင် စစ်ကိုင်းမြို့ International Buddhist Education Center ၏ ပဓာနနာယက ဆရာတော် ဘဒ္ဒန္တသောဘိတ ရရှိခဲ့သည်။ 


 
အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေး ကွန်ဖရင့်မှ ချီးမြှင့်သည့် ငြိမ်းချမ်းရေးဆုကို ကမ္ဘာ့နိုင်ငံ ၅ နိုင်ငံမှ ငြိမ်းချမ်းရေး ဆောင်ရွက်နေသူများအား ချီးမြှင့်ခဲ့ပြီး အဆိုပါဆုကို နီပေါ ၊ မြန်မာ ၊ အိန္ဒိယ ၊ အမေရိကန် ၊ အာဖဂန်နစ္စတန် နိုင်ငံတို့မှ ငြိမ်းချမ်းရေးဆောင်ရွက်နေသူများအား ချီးမြှင့်ခြင်းခံခဲ့ရသည်။ 


 
ငြိမ်းချမ်းရေးဆု ချီးမြှင့်ခြင်းခံရသည့် IBEC ကိုတည်ထောင်ခဲ့သည့် ဆရာတော် ဘဒ္ဒန္တသောဘိတ တွေ့ဆုံးမေးမြန်းလျှောက်ထားခဲ့သည့်အထဲက အချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်-
 

 
မေး။ ။ ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့မှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းရေး ကွန်ဖရင့်မှာ ငြိမ်းချမ်းရေးဆု ရရှိခဲ့တဲ့အကြောင်း သိချင်ပါတယ်ဘုရား။

 

mdn


 
ဖြေ။ ။ ၂၀၁၈ခုနှစ် ဇွန်လ ၃၀ ရက်မှာ သွားယူခဲ့တဲ့ဆုကတော့ စတော့ဟုမ်း ကမ္ဘာ့ငြိမ်းချမ်းရေးဆုပါ။ ဒီဆုက ပထမဆုံးပေးတဲ့ဆုပါ။ Universal Peace Federation ဆိုတဲ့ ငြိမ်းချမ်းရေးအဖွဲ့အစည်းက ပေးခဲ့တာ။ အဲဒီအဖွဲ့အစည်းက ကမ္ဘာ့ကုလသမဂ္ဂရဲ့ Economic in Social Council ဌာနနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ ငြိမ်းချမ်းရေးကို လိုလားတဲ့အဖွဲ့အစည်းပဲဖြစ်ပါတယ်။ အဲဒီအဖွဲ့အစည်းနဲ့အတူ ငြိမ်းချမ်းရေးကို လိုလားတဲ့ အဖွဲ့အစည်းပေါင်း ၁၅ ခုကနေ ပူးပေါင်းပြီးပေးတဲ့ဆု ဖြစ်ပါတယ်။ 


 
ဘာကြောင့်ပေးရသလဲဆိုတော့ ဒီကနေ့ခေတ်မှာ ကမ္ဘာအရပ်ရပ်မှာ ပြဿနာပေါင်း မြောက်မြားစွာရှိကြတယ်။ မြန်မာပြည်မှလည်း မငြိမ်းချမ်းနိုင်တဲ့ ပြဿနာတွေရှိတယ်။ ကမ္ဘာပေါ်မှာလည်း မငြိမ်းချမ်းနိုင်တဲ့ ပြဿနာတွေရှိတယ်။ ဒီပြဿနာရဲ့အရင်းအမြစ်တွေ ဘာကြောင့်ကမ္ဘာပေါ်မှာ ရှိကြသလဲဆိုတော့ လူတွေရဲ့ အတ္တတွေကြောင့်ပဲ။ တစ်ဖက်က မတူကွဲပြားမှုကို လက်ခံရမယ်လို့ ကြွေးကြော်နေကြပြီးတော့ တကယ်တမ်းကြတော့ အဆင့်အတန်းခွဲနေကြတာ မြန်မာပြည်တင်မဟုတ်ဘူး။ ကမ္ဘာ့အရပ်ရပ်မှာလည်း အဆင့်အတန်းတွေ ခွဲနေကြတယ်။ ကမ္ဘာအရပ်ရပ်မှာရှိနေတဲ့ ပုဂ္ဂိုလ်တွေအားလုံးမှာ ငြိမ်းချမ်းချင်ကြတဲ့ သူတွေရှိတယ်။ ငြိမ်းချမ်းမှုကို အကြောင်းပြပြီး အမြတ်ထုတ်နေကြတဲ့သူတွေရှိတယ်။ အမြတ်ထုတ်လိုသူတွေ အများကြီးရှိကြတဲ့အထဲမှာ မိမိရဲ့ ကိုယ်ကျိုးအတ္တတွေ စွန့်ခွာပြီး မတူကွဲပြားတဲ့ Diversity ကိုလည်း လက်ခံတယ်။ တကယ်တမ်း Harmony ဖြစ်အောင် ဆောင်ရွက်တဲ့ အဖွဲ့အစည်းဆိုတာ တကယ်နည်းတယ်။ ကိုယ့်ရဲ့ အကျိုးအမြတ်တစ်ခုကိုရဖို့အတွက် ဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်းတွေအများကြီးပဲ။ အဲလိုထဲကနေ ကမ္ဘာ့ငြိမ်းချမ်းရေးအဖွဲ့အစည်း ၁၅ ခုကနေ စစ်တမ်းကောက်ယူပြီး ပြည်တွင်းကဏ္ဍတွေမှာပဲဖြစ်ဖြစ် နိုင်ငံတကာကဏ္ဍတွေမှာပဲဖြစ်ဖြစ် ပူးပေါင်းပါဝင်တဲ့ ဆောင်ရွက်တာတွေကို Effect နဲ့ Product တွေကိုကြည့်ပြီး ပေးတာဖြစ်ပါတယ်။ 
 


မေး။ ။ အခုလို ငြိမ်းချမ်းရေးဆုချီးမြှင့်ခံရတဲ့အပေါ်မှာ ဆရာတော်အနေနဲ့ ဘာများပြောချင်ပါသလဲ ဘုရား။
 


ဖြေ။ ။ Stockholm World Peace Award ဆိုပြီး ချီးမြှင့်တာကို မြန်မာပြည်ကိုယ်စားပြု တက်ရောက် ယူခွင့်ရတယ်။ အဲလိုသမိုင်းဝင်နေရာကြီးတစ်ခုမှာ ငြိမ်းချမ်းရေးဆုရတဲ့ ပုဂ္ဂိုလ်တွေက ဂုဏ်ပြုစကားတွေ ပြောခွင့်ရတယ်။ ဒီလိုပြောခွင့်ရတဲ့အချိန်မှာ မြန်မာနိုင်ငံရဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ အကြောင်းအရာတွေ၊ ငြိမ်းချမ်းရေးဖြစ်စဉ်တွေ တိုင်းပြည်ရဲ့ခေါင်းဆောင်တွေဖြစ်ကြတဲ့ နိုင်ငံတော်သမ္မတကြီးတို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ ဆောင်ရွက်နေကြတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေ၊ ပင်လုံညီလာခံအကြောင်းတွေ။ ဒါယိကာမကြီးက ပြည်သူနဲ့အတူ ဆောင်ရွက်မယ်ဆိုတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေ၊ တိုင်းရင်းသားလက်နက်ကိုင် တွေနဲ့ပတ်သက်ပြီး NCA လက်မှတ်ရေးထိုးတဲ့ကိစ္စတွေ၊ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနဲ့ဖြစ်နေတဲ့ ကိစ္စတွေဟာ နယ်ခြားပြဿနာသာဖြစ်တယ်။ ဒါတွေကို နိုင်ငံတော်အကြီးအကဲတွေက ညင်သာစွာ ကိုင်တွယ်ဖြေရှင်းနေတယ်။ 


 
ဒါတွေဟာ လူမျိုးစုပြဿနာမဟုတ်ဘူး။ နယ်ခြားပြဿနာသာ ဖြစ်တယ်။ ဆိုတာ ကမ္ဘာ့အလယ်မှာ တိုင်းပြည်ရဲ့ကိုယ်စား ပြောကြားခဲ့တယ်။ ဒါကြောင့် ငြိမ်းချမ်းရေးဆုရရှိတာထက် ကမ္ဘာ့အလယ်မှာ နိုင်ငံရဲ့ပုံရိပ်တွေကို ပြောခွင့်ရတဲ့အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်မိတယ်။ နောက်တစ်ချက်က ကမ္ဘာ့အလယ်မှာ မြန်မာနိုင်ငံရဲ့ ဗုဒ္ဓဘာသာဟာသိမ်ငယ်နေတယ်။ ဘာကြောင့် သိမ်ငယ်နေသလဲဆိုတော့ နိုင်ငံတကာ ဖိအားတွေကြောင့် သိမ်ငယ်နေရတဲ့ အချိန်မှာ ဗုဒ္ဓဘာသာဟာ မင်းတို့ထင်သလို မဟုတ်ဘူး။ ဗုဒ္ဓဘာသာဟာ ငြိမ်းချမ်းတဲ့ဘာသာဆိုတာကို လက်တွေ့သက်သေပြနိုင်ခဲ့တယ်။ ဒီဆုရဲ့တန်ဖိုးက Certificate တွေ၊ ဆုတံဆိပ်တွေထက် ကမ္ဘာ့အလယ်မှာ မြန်မာနိုင်ငံရဲ့အကြောင်း၊ ဗုဒ္ဓဘာသာရဲ့ငြိမ်းချမ်းတဲ့အကြောင်း တရားဝင်ပြောကြားခွင့်ရတဲ့အတွက်၊ သမိုင်းဝင်နေရာတစ်ခုမှာ ပြောကြားခွင့်ရတဲ့အတွက် အဲဒီတန်ဖိုးကိုပိုပြီး တန်ဖိုးထားပါတယ်။


 
မေး။ ။ဆရာတော့်ကို ဘာကြောင့်အခုလို ဆုချီးမြှင့်ခံရတယ်လို့ မြင်ပါသလဲဘုရား။


 
ဖြေ။  ။ ကမ္ဘာအရပ်ရပ်ကလူတွေက မျက်စိကျယ်နားကျယ်တယ်။ မြန်မာလူမျိုးတွေက မျက်စိပိတ် နားပိတ်နေရတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံမှာရှိကြတဲ့သူတွေဟာ ခေတ်အဆက်ဆက် မျက်စိပိတ်ခြင်း၊ နားပိတ်ခြင်းဆိုတဲ့ ဒုက္ခတွေမြောက်မြားစွာကို ခံစားခဲ့ကြရတယ်။ သူတို့တွေဟာ ကျောင်းသားဘဝထဲက စနစ်တကျ လေ့ကျင့်သင်ကြားကြရတယ်။ သူတို့ရဲ့ Teaching က ကလေးဘဝ ကတည်းက သင်ကြားခဲ့တဲ့ လူ့အဖွဲ့အစည်းဖြစ်တဲ့အတွက် မြန်မာနိုင်ငံအကြောင်းကို ကမ္ဘာက လူတွေက ပိုသိတယ်။ မြန်မာနိုင်ငံသားတစ်ယောက်ရဲ့အကြောင်းကို မြန်မာနိုင်ငံကလူတွေကမသိဘူး။ ဥပမာအနေနဲ့ ပြောရရင် ဦးဇင်းတို့ IBEC ကျောင်းကို စစ်ကိုင်းမှာရှိတဲ့ သူတွေက ဂဃနဏမသိကြဘူး။ မန္တလေးမှာရှိတဲ့ သူတွေကလည်း မသိကြဘူး။ ဒါပေမယ့် ကမ္ဘာကြီးမှာရှိတဲ့သူတွေက သိကြတယ်။ လူသားတွေအတွက် ဘယ်လောက်အကျိုးများစေတယ်။ Peace Education နဲ့ပတ်သက်လို့ဘယ်လို ဖော်ဆောင်နေတယ်။ ဘာသာရေးတင်မက ပညာရေး ၊ ငြိမ်းချမ်းရေး ၊ လူသားတွေအတွက် အများကြီးတည်ဆောက်နေတယ်။ ငြိမ်းချမ်းရေး အစည်းအဝေးပေါင်းမြောက်မြားစွာ ၊ မတူကွဲပြားတဲ့ လူ့အဖွဲ့အစည်းတွေနဲ့ ဆောင်ရွက်ခဲ့ကြတာကို သိကြတယ်။ ဒီလိုသိကြတဲ့အတွက် သူတို့အချင်းချင်း Vote ပေးကြတဲ့အခါ တစ်ကမ္ဘာလုံးက စစ်တမ်းကောက်တဲ့အခါ IBEC ကျောင်း ဦးသောဘိတက ၅ ဦး စာရင်းထဲပါသွားတယ်။ မြန်မာလူမျိုးတွေအကြောင်းကို မြန်မာလူမျိုးတွေက မသိသော်ငြားလည်း ကမ္ဘာအရပ်ရပ်က လူတွေက သိကြတယ်။ အဲဒီတော့ သူတို့နဲ့ရင်ဘောင်တန်းနိုင်ဖို့ နားတွေ၊ မျက်စိတွေဖွင့်ပြီး ကမ္ဘာကြီးထဲမှာ အနုပညာရသမြောက်စွာ ကူးခတ်တက်ဖို့လိုတယ်။


 
မေး။ ။ ဆရာတော်အနေနဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ ဘယ်လိုဆောင်ရွက်ခဲ့ပါသလဲဘုရား။


 
ဖြေ။ ။ စွမ်းဆောင်ခဲ့တာက ကိုယ်တစ်ဦးချင်းငြိမ်းချမ်းရေးမှသည် ကိုယ့်ရဲ့ Society ငြိမ်းချမ်းရေး၊ ကိုယ့်ရဲ့မြို့ပြဒေသ ၊ ကိုယ့်ရဲ့နိုင်ငံအဆင့်အထိ ဆောင်ရွက်တယ်။ ငြိမ်းချမ်းရေးလို့ပြောလိုက်တာနဲ့ သိကြတာက ပင်လုံညီလာခံ ၊ NCA လောက်ပဲငြိမ်းချမ်းရေးလို့ထင်တယ်။ ကိုယ့်ရဲ့စိတ်နှလုံးထဲမှာ လောဘ၊ ဒေါသ၊ မောဟတွေ ကြီးပွားနေတဲ့သူတွေက ဘယ်လိုမှ ငြိမ်းချမ်းရေးကိုတည်ဆောက်လို့ မရဘူး။ ငြိမ်းချမ်းရေးဆိုတာ ကိုယ်ကိုယ်တိုင်တည်ဆောက်ရတယ်။ ကိုယ်တိုင်ငြိမ်းချမ်းမှုကို တည်ဆောက်မှ ကိုယ့်ရဲ့ပတ်ဝန်းကျင်ငြိမ်းချမ်းသွားရင်း ကိုယ်ရဲ့ Society ငြိမ်းချမ်းသွားမယ်။ ကိုယ့်ရဲ့ Society ငြိမ်းချမ်းသွားတဲ့ သူတွေက မြန်မာပြည်ငြိမ်းချမ်းအောင် တည်ဆောက်ကြမယ်။ အဲဒီကနေ ကမ္ဘာကြီးတစ်ခုလုံး ငြိမ်းချမ်းမှုရအောင် တည်ဆောက်ရမယ်။ 


 
ဦးဇင်းတို့ကျောင်းအနေနဲ့ နိုင်ငံတော်အဆင့်နဲ့ ပူးပေါင်းဆောင်ရွက်တာတော့ မရှိပါဘူး။ IBEC နဲ့ ဆက်နွယ်နေတဲ့ ကွန်ယက်တွေကို ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ Activity တွေနဲ့ပတ်သက်တာ အများကြီးရှိတယ်။ ကျောင်းသူကျောင်းသားတွေနဲ့ ငြိမ်းချမ်းရေးကိစ္စတွေ ဆောင်ရွက်ဖူးတယ်။ အသွင်မတူတဲ့ ဘာသာပေါင်းစုံအဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းတွေ များစွာဆောင်ရွက်ဖူးတယ်။ အသွင်မတူတဲ့ ဘာသာရေးကိစ္စနဲ့ပတ်သက်တဲ့ကိစ္စတွေ ပထမဆုံးဆောင်ရွက်ခဲ့တာ IBEC က ပထမဆုံးဆောင်ရွက်ခဲ့တယ်။ ကမ္ဘာ့ငြိမ်းချမ်းရေးဖြစ်စဉ်တွေကို IBEC ကပါဝင်ခဲ့တယ်။ ဦးဇင်းတို့က ဘယ်နေရာမှာပဲဖြစ်ဖြစ် ငြိမ်းချမ်းစေတဲ့ စကားတွေပြောတယ်။ ငြိမ်းချမ်းမှုတစ်ခုကို တည်ဆောက်ဖို့အတွက် စားစရာတွေမရှိဘူး၊ ဝတ်စရာတွေမရှိဘူး၊ နေစရာတွေမရှိဘူးဆိုရင် အဲဒီလူတွေက ဘယ်လောက်ပဲ ငြိမ်းချမ်းရေးစကားပြောပြော ငြိမ်းချမ်းရေးနဲ့ အလှမ်းဝေးနေမှာပါ။ ဒါကြောင့် ငြိမ်းချမ်းရေးတကယ်ရဖို့ လူနေမှုစနစ်တွေမြင့်မားအောင် ဆောင်ရွက်ပေးရမယ်။ ပညာတွေတက်အောင် သင်ပေးရမယ်။ 

 


အလုပ်အကိုင်အခွင့်အလမ်းတွေ ပေါများအောင် စီမံပေးရမယ်။ သူတို့ဘဝမှာ ခိုကိုးရာမဲ့နေတာကို ခိုကိုးရာရှိအောင် ဆောင်ရွက်ပေးရမယ်။ အကြောင်းအမျိုးမျိုးကြောင့် စစ်ဘေးရှောင်ရောက်လာတဲ့ သူတွေကို ပြုစုစောင့်ရှောက်မှုပေးရမယ်။ ဒီကျောင်းမှာဆို တိုင်းရင်းသား လူငယ်တွေဟာ စစ်ဘေးရှောင်ပြီးရောက်လာကြတဲ့ ကလေးတွေရှိတယ်။ သူတို့အတွက် ကွန်းခိုစရာအဖြစ် ဖန်တီးထားတယ်။ 


 
မေး။ ။ ဆရာတော်က ကမ္ဘာ့ငြိမ်းချမ်းရေးညီလာခံတွေ တက်ရောက်ခဲ့တယ်ဆိုတော့ မြန်မာနိုင်ငံရဲ့ လက်တလောငြိမ်းချမ်းရေး ဆောင်ရွက်နေမှုအခြေအနေက ဘာတွေလိုအပ်နေတယ်လို့ မြင်ပါသလဲဘုရား။


 
ဖြေ။ ။ မြန်မာနိုင်ငံမှာ လမ်းပမ်းဆက်သွယ်ရေးကောင်းအောင် ဖန်တီးပေးရမယ်။ တိုင်းပြည်ရဲ့ အခြေခံ အဆောက်အအုံတွေကို အရင်ဆုံးတည်ဆောက်ပေးရမယ်။ ဒါမှတိုင်းပြည်ရဲ့ အခြေခံအဆောက်အအုံတွေ ပြည်စုံပြီ။ လူတွေမှာလည်း စားဝတ်နေရေးအတွက် မပူရဘူး။ ပညာတွေသင်ကြားဖို့ ခက်ခက်ခဲခဲ မရှိတော့ဘူးဆိုမှ ငြိမ်းချမ်းရေးစကားပြောရင်သိပ်ပြီး တွင်ကျယ်မယ်။ ဒါကြောင့်အရေးကြီးဆုံးက ငတ်မွတ်နေတဲ့ ဒုက္ခတွေကနေ အရင်ဆုံးရုံးထွက်ရမယ်။ အဲဒါတွေအရင်လုပ်ပြီးမှ ငြိမ်းချမ်းရေးစကားပြောသင့်တယ် ငတ်နေတဲ့ သူတစ်ယောက်ကို ငြိမ်းချမ်းရေးပွဲကြီးရှိတယ်။ လာလိုက်ခဲ့ဆိုရင် ဘယ်သူမှငြိမ်းချမ်းရေးစိတ်မဝင်စားဘူး။ တိုင်းပြည်ကို လုပ်နိုင်တဲ့အပိုင်းကဏ္ဍကနေ လူတွေရဲ့ ဘဝဒုက္ခတွေရုံးထွက်အောင်၊ လူတွေရဲ့စီးပွားရေး အလုပ်အကိုင်အခွင့်အလမ်းတွေ ကောင်းလာအောင် လူတွေရဲ့ အသိပညာတွေ မြှင့်မားလာအောင် အရင်ဆုံးလုပ်ပြီးမှ ငြိမ်းချမ်းရေးကို ဆောင်ရွက်တယ်ဆိုရင် မြန်မြန်ပြီးတယ်။ နောက်တစ်ချက်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအသီးသီးက ပုဂ္ဂိုလ်တွေကလည်း အာဏာကိုနှစ်ပေါင်းများစွာ ဆုပ်ကိုင်ထားပြီး လွယ်လင့်တကူစွန့်လွတ်ဖို့ဆိုတာ ဝန်လေးကြမှပဲ။ အဲဒီလူတွေကိုလည်းဆွဲခေါ်ဖို့ လုပ်ပြပေးရမယ်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာပြီ တိုင်းပြည်မှာဖွံ့ဖြိုးတိုးတက်လာပြီဆိုမှ လက်တွဲခေါ်လိုက်တာနဲ့ ခဏလေးညွတ်လာမယ်။ လက်တွေ့ကျကျ တိုင်းသူပြည်သားတွေရဲ့ဘဝ ဆင်းရဲနွမ်းပါးနေတဲ့ကိစ္စတွေ ပညာမတတ်သေးတဲ့ကိစ္စတွေ ခိုကိုးရာမဲ့တဲ့ကိစ္စတွေ ဂရုစိုက်ပြီး တိုင်းပြည်ရဲ့ စီးပွားရေးဖွံ့ဖြိုးအောင် များများလုပ်ပြီးမှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုသွားရင် ပိုပြီးတော့များမြန်မလားလို့ ထင်မိတယ်။ 


 
မေး။ ။ ဆရာတော်အနေနဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ဘယ်လိုတွေ ဆက်လက်ဆောင်ရွက်သွားမလဲဘုရား။


 
ဖြေ။ ။ ကမ္ဘာကြီးငြိမ်းချမ်းဖို့ဆိုတာ Beautiful Environment ဖြစ်အောင် ၊ Society တွေ ကျယ်ပြန့်သထက် ကျယ်ပြန်အောင် Peace Education နဲ့ဖော်ဆောင်သွားမှာပါ။ အဲဒါကသေးသေးလေးလို့မထင်နဲ့ အခုဆိုရင် Peace Education နဲ့ပတ်သက်တာ Beautiful Environment နဲ့ပတ်သက်တာကို မြန်မာပြန်တင်မကဘူး။ ကမ္ဘာအထိကို ဖြန့်ကျက်ပြီးလုပ်ဆောင်နေတယ်။ အဲဒါကြောင့် Academic ကိုအခြေခံပြီး လူထုကို ပညာပေးသွားမယ်။ အဲအဆင့်ကနေ Society တွေနဲ့ ပူးပေါင်းဆောင်ရွက်ရုံသာမက အစိုးရအဖွဲ့၊ နိုင်ငံတော်အကြီးအကဲတွေ ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေကို တက်စွမ်းသမျှ၊ စွမ်းအားရှိသမျှ ပူးပေါင်းဆောင်ရွက်ပေးသွားမယ်ဆိုတာ IBEC ရဲ့ ခိုင်မာတဲ့ သံန္နိဌာန်ပဲ။ IBEC သည် မည်သည့် အစိုးရတက်တက် တိုင်းပြည်ကိုအုပ်ချုပ်တဲ့အစိုးရဖြစ်တဲ့အတွက် အဲဒီအစိုးရအပေါ်မှာ ဘယ်တော့မှ မထီမဲ့မြင်မလုပ်ဘူး။ IBEC ရဲ့ value က ဘာလေးပဲ မှတ်တမ်းတင်မလဲဆိုတော့ တိုင်းပြည်အတွက် ဆောင်ရွက်နိုင်တဲ့ အစိုရဆိုရင် ဒါဟာအစိုးရကောင်းပဲ။ တိုင်းပြည်ကို နိမ့်ကျအောင် ဆောင်ရွက်တယ်ဆိုရင် ဒါဟာ ညံ့တဲ့အစိုရပဲ။ တိုင်းပြည်ကိုအုပ်ချုပ်တဲ့သူတွေဟာ ဘယ်အချိန်မှာပဲအုပ်ချုပ်အုပ်ချုပ် တိုင်းပြည်ရဲ့ နိုင်ငံအကြီးအကဲ ဖြစ်တဲ့အတွက် သူတို့နဲ့အမြဲတမ်းလက်တွဲပြီး တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စတွေ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားပါမယ်လို့ပြောချင်ပါတယ်။


 
အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဘုရား။


 
အိမို့မို့ခိုင်

 

mdn