ကမ္ဘာလုံးဆိုင်ရာ စိတ်ကျန်းမာမှုပြဿနာ

 

အောင်ထက်လင်း (ကြိမ်ချောင်း)

 

ကမ္ဘာကြီးသည် ယနေ့ကာလတွင် ကဏ္ဍ အသီးသီး၌  စိန်ခေါ်မှုအများအပြားနှင့်  ရင်ဆိုင်နေရသဖြင့် ကမ္ဘာတစ်ဝန်းရှိ လူအများအပြားသည်လည်း စိတ်ပိုင်းဆိုင်ရာပြဿနာတစ်ခုခုနှင့် ကြုံတွေ့ရလေ့ ရှိသည်။ အချို့သော ဘဝအမောများ၊ သောကများသည် မိမိတစ်ဦးတည်းဖြေရှင်း၍ရနိုင်သော်လည်း ကိစ္စအချို့မှာ ရှုပ်ထွေးနက်နဲသဖြင့် ဖြေရှင်းရန် ခက်ခဲနေတတ်သည်။ ပြဿနာ၏အရင်းအမြစ်ကို အခြားသူများထံ ထုတ်ဖော်ပြောဆိုရန် မဝံ့မရဲဖြစ်မှု၊ ပြောဆိုမိပါက မိမိအပေါ် ငြိုငြင်မည်ကို စိုးရိမ်မှုများသည် ကာလကြာရှည်လာသည်နှင့်အမျှ စိတ်ဖိစီးမှု ကိုဖြစ်ပေါ်စေသည်။ အချို့သောသူတို့မှာ ပြဿနာကို မျိုသိပ်ထားရင်း ဘဝကိုအရှုံးပေးကာ ထွက်ပေါက်ရှာသည်အထိ ဖြစ်သွားရသည့် အနေအထားမျိုးကိုလည်း မကြာခဏတွေ့မြင်နေရသည်။ ထိုသို့သော အခြေအနေမျိုးတွင် မိမိကြုံတွေ့နေရသော ပြဿနာနှင့်စပ်လျဉ်း၍ ယုံကြည်ရသည့် မိတ်ဆွေ အပေါင်းအသင်း တစ်ဦးဦးထံမှ အကြံဉာဏ် တောင်းခံခြင်း၊ စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူ တစ်ဦးဦးနှင့် နှစ်သိမ့်ဆွေးနွေးမှုရယူခြင်းတို့ဖြင့် အချိန်မီဖြေရှင်းသင့်သည်။

 

နှစ်သိမ့်ဆွေးနွေးခြင်းဆိုသည်မှာ လူတစ်ဦးက ရှင်းလင်းပြောပြလာသောပြဿနာကို သေချာစွာ နားထောင်၍ ၎င်းအား မှန်ကန်သောယူဆဆုံးဖြတ် ချက်များရရှိစေရန် အကူအညီပေးခြင်းဖြစ်သည်။ သာမန်အားဖြင့် အချို့ကိစ္စများသည် တိုင်ပင်ဖော် တိုင်ပင်ဖက် တစ်ဦးဦး၏ ကူညီမှုဖြင့် ဖြေရှင်းနိုင် သော်လည်း ပိုမိုနက်ရှိုင်းသည့်ကိစ္စများကိုမူ စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူနှင့် တွေ့ဆုံဆွေးနွေး မှသာ အဖြေရနိုင်သည့် ပြဿနာမျိုးလည်းရှိတတ်သည်။ သို့ရာတွင် ဖြစ်ပွားသူများ၏ ၃၆ ရာခိုင်နှုန်း ခန့်သာ စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန် ရွေးချယ်လေ့ရှိကြောင်း လေ့လာမှုများ က ဆိုကြသည်။

 

စိုးရိမ်ပူပန်မှုနှင့် စိတ်ကျရောဂါဖြစ်ပွားမှု

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက် တစ်ရပ်က ကမ္ဘာတစ်ဝန်းတွင် စိုးရိမ်ပူပန်မှုနှင့် စိတ်ကျရောဂါဖြစ်ပွားမှု ၂၅ ရာခိုင်နှုန်း တိုးမြင့်လာကြောင်း၊ ကိုဗစ်ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာသော လူမှုရေး၊ အထီးကျန်မှုသည် မကြုံစဖူး စိတ်ဖိစီးမှုကိုဖြစ်ပေါ်စေပြီး ရောဂါပိုးကူးစက်ခံရမည်ကို ကြောက်ရွံ့ခြင်း၊ ချစ်ရသူတို့သေဆုံးခြင်း၊ ကျန်ရစ်သူများ ဝမ်းနည်းပူဆွေးခြင်းနှင့် ငွေရေးကြေးရေးဆိုင်ရာ စိုးရိမ်ပူပန်မှုဖြစ်ခြင်းတို့သည် စိုးရိမ်စိတ်နှင့် စိတ်ဓာတ်ကျမှုတို့ကို ဖြစ်စေသော ဖိစီးမှုများအဖြစ် ညွှန်းဆိုထားသည်။ အမျိုးသမီးများသည် အမျိုးသားများထက် ပိုမိုပြင်းထန်စွာ သက်ရောက်မှုရှိကြောင်းနှင့် ပန်းနာရင်ကျပ်၊ ကင်ဆာနှင့် ှလုံးရောဂါကဲ့သို့သော ယခင်ရှိပြီးသား ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေရှိသူများသည် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုလက္ခဏာဖြစ်နိုင် ခြေပိုများကြောင်း ဖော်ပြထားသည်။ လူတိုင်းသည် မွေးဖွားခြင်းမှ သေဆုံးခြင်းမှတ်တိုင်ကြားတွင် ပြဿနာတစ်ခုခုနှင့် ကြုံတွေ့ကြရမည်သာဖြစ်သည်။ လူတစ်ဦးသည် ကိုယ်စိတ်နှစ်ပါး ဟန်ချက် လွဲပါက ကိုယ့်ကိုယ်ကိုယ် အယုံအကြည်မရှိ ဖြစ်လာခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ဆင်ခြင်နိုင်စွမ်းကင်းမဲ့လာခြင်းတို့ ရှိလာနိုင်သည်။ စိတ်ပိုင်းဆိုင်ရာ ပြဿနာများသည် ကျွမ်းကျင်သူများနှင့်ဆွေးနွေး အဖြေရှာမှု၊ ကုသမှုတို့ကို ရယူမှသာ ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများကို ရှောင်လွှဲနိုင်မည်ဖြစ်သည်။

 

ကမ္ဘာတစ်ဝန်းတွင် စိတ်ကျန်းမာရေး အခြေအနေရှိသူများအပေါ် အမည်းစက်၊ ခွဲခြား ဆက်ဆံမှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ နေရာတိုင်းတွင်ရှိနေကြောင်းနှင့် အစိုးရများ၊ ပညာရှင်များ၊ ကျန်းမာရေးပညာရှင်များ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများက စိတ်ကျန်းမာရေးနှင့် ပတ်သက်၍ အသေးစိတ်ပံ့ပိုးပေးရန် လိုအပ်နေကြောင်း စိတ်ကျန်းမာရေးဆိုင်ရာ အကြီးမားဆုံး သုံးသပ်ချက်အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ဇွန်လ ၁၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ၂၀၁၉ ခုနှစ် စာရင်းများအရ ကမ္ဘာပေါ်တွင် ဆယ်ကျော် သက် တစ်ဘီလီယံနီးပါးသည် စိတ်ပိုင်းဆိုင်ရာ ပြဿနာများ ချို့ယွင်းမှုဖြင့် အသက်ရှင်နေထိုင် ခဲ့ရသည်။ အသက် (၅၀) မတိုင်မီ မိမိကိုယ်ကို သတ်သေမှု ၅၈ ရာခိုင်နှုန်းရှိသည်။ ကိုဗစ်ကပ်ရောဂါ ကာလ ၂၀၂၀ ပြည့်နှစ် ပထမတစ်နှစ်တွင် ကမ္ဘာပေါ် ၌ စိတ်ဓာတ်ကျမှုနှင့် စိုးရိမ်ပူပန်မှု ၂၅ ရာခိုင်နှုန်း ကျော် မြင့်တက်ခဲ့သည်။ သို့ရာတွင် ဝင်ငွေမြင့်မား သောနိုင်ငံများတွင် စိတ်ကျန်းမာရေးပြဿနာဖြစ် ပါက ၇၀ ရာခိုင်နှုန်း ကုသမှုခံယူကြပြီး ဝင်ငွေနည်းသောနိုင်ငံများတွင်မူ ၁၂ ရာခိုင်နှုန်းသာ ကုသမှုခံယူကြကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

 

စိတ်ကျန်းမာရေးချို့တဲ့သူများ

 

ကိုဗစ်ကပ်ရောဂါ၏ နောက်ဆက်တွဲကြောင့် လူမှုစီးပွားဘဝအခက်အခဲများ၊ နေ့စဉ်ကြုံတွေ့နေရသည့် စားဝတ်နေရေးကိစ္စများကြောင့် အချို့သောသူတို့မှာ စိတ်ပိုင်းဆိုင်ရာပြဿနာတစ်ခုခုကို ခံစားနေကြရသည်။ အလုပ်အကိုင်ဆုံးရှုံးမှုနှင့် အနာဂတ်အတွက် မရေရာမှုများကြောင့် စိုးရိမ်ပူပန် သောကနှင့်စိတ်ဖိစီးမှုများ ဖြစ်ပေါ်လျက်ရှိသည်။ အကျိုးဆက်အဖြစ် အိမ်တွင်းအကြမ်းဖက်မှုများ၊ သေကြောင်းကြံစည်မှုများအထိ ရှိလာသည်။ လူမှုရေးအထီးကျန်မှုသည် မကြုံစဖူး၊ စိတ်ဖိစီးမှုကို ဖြစ်ပေါ်စေသည်။ ရောဂါပိုးကူးစက်ခံရမည်ကိုကြောက်ရွံ့ခြင်း၊ ချစ်ရသူတို့ သေဆုံးခြင်း၊ ကျန်ရစ် သူများ ဝမ်းနည်းပူဆွေးခြင်းနှင့် ငွေရေးကြေးရေး ဆိုင်ရာ စိုးရိမ်ပူပန်ဖြစ်ခြင်းတို့သည် စိုးရိမ်စိတ်နှင့် စိတ်ဓာတ်ကျမှုတို့ကို ပိုဖြစ်စေသည်။ စင်စစ်တွင် စိတ်ကျန်းမာရေးချို့တဲ့သူများသည် မွေးရာပါ ဝေဒနာရှင်များမဟုတ်ကြပေ။ အကြောင်းကြောင်းကြောင့်သာ ထိုကဲ့သို့ဖြစ်လာခြင်းဖြစ်သည်။ စိတ်ဝေဒနာ ဖြစ်ပွားရခြင်း၏ အကြောင်းရင်းကို တိတိပပ ဖော်ထုတ်ရန်ခက်ခဲသော်လည်း ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာနှင့် ပတ်ဝန်းကျင်အခြေအနေ အားလုံး စုစည်းသက်ရောက်ခြင်းဖြစ်သည်။

 

ကလေးဘဝတွင် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားခံရမှုနှင့် အနိုင်ကျင့်နှိပ်စက်ခံရမှုတို့သည် စိတ်ဓာတ်ကျခြင်း၏ အဓိကအကြောင်းရင်းဖြစ်သည်။ ပြင်းထန်သော စိတ်ကျန်းမာရေးအခြေအနေ ရှိသူများသည် သာမန်လူများထက် ပျမ်းမျှအားဖြင့် အသက်(၁၀)နှစ်မှ (၂၀)အတွင်း သေဆုံးကြပြီး အများစုမှာ ရုပ်ပိုင်းဆိုင်ရာရောဂါများကြောင့်ဖြစ်ကြောင်း စိတ်ပညာရှင်များကဆိုသည်။ မြန်မာနိုင်ငံ တွင်လည်း နေရာဒေသအနှံ့အပြား၌ စိတ်ကျန်းမာ ရေးချို့တဲ့သူများကို တွေ့မြင်ရလေ့ရှိသည်။ စိတ်ကျန်းမာရေးဆိုးရွားမှုမှတစ်ဆင့် သူတစ်ပါး၏ စည်းစိမ်ဥစ္စာနှင့်အသက်အန္တရာယ်ကို ထိခိုက်သည် အထိ ကျူးလွန်မှုများရှိနေသည်။ စိတ်ဝေဒနာရှင်အချို့သည် စိတ်ကျန်းမာရေးချို့တဲ့နေသည်ကို ဖြစ်နေမှန်းမသိရှိခြင်း၊ ဆေးဝါးကုသမှု လိုအပ်သည်ကို မသိရှိခြင်း၊ နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံခံနေရခြင်း၊ သက်ဆိုင်ရာကျန်းမာရေးဌာနနှင့် စိတ်ကျန်းမာရေးဆေးရုံများသို့ ပို့ဆောင်ပေးခံရမှု နည်းပါးခြင်း စသည့် အခြေအနေများက စိတ်ကျန်းမာရေးချို့တဲ့သူ တဖြည်းဖြည်းမြင့်တက်ရန်အတွက် တွန်းအားဖြစ်နေသည်။

 

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စိုးရိမ်ပူပန်မှု၊ စိတ်ကျရောဂါဖြစ်ပွားမှု စသည့်နောက်ဆက်တွဲ ပြဿနာများဖြစ်ပွားသည့် နမူနာနိုင်ငံတစ်နိုင်ငံမှာ ဂျပန်နိုင်ငံဖြစ်သည်။ ကပ်ရောဂါကာလအတွင်း အမျိုးသမီးများကြားတွင် အထီးကျန်မှု၊ စိတ်ပိုင်း ဆိုင်ရာရိုက်ခတ်မှု၊ ငွေကြေးဆိုင်ရာဖိစီးမှုနှင့် အိမ်တွင်းအကြမ်းဖက်ခံရမှု ပိုမိုများပြားလာသည်။ မိမိကိုယ်ကို သတ်သေမှုမှ ကာကွယ်နိုင်ရန်ထားရှိသော ပရဟိတအဖွဲ့အစည်းတစ်ခုဖြစ်သည့် Lifelink သီးသန့်ဟော့လိုင်းများသို့ စကားပြောဆို ရန် ခေါ်ဆိုမှု ပိုများလာခဲ့သည်။ ယခင်က ခေါ်ဆိုမှု ၃၀၀၀ ဝန်းကျင်သာရှိခဲ့သော်လည်း ဒုတိယလှိုင်း ရိုက်ခတ်ပြီးနောက် စက်တင်ဘာလတွင် အကြိမ်ရေ ၁၅ဝ၀ဝ အထိ မြင့်တက်လာခဲ့သည်။ စာတိုပေးပို့သူ များ၏ ၇၀ ရာခိုင်နှုန်းခန့်မှာ အမျိုးသမီးများဖြစ်ကြောင်း သိရသည်။ ကျန်းမာရေးနှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနက ဂျပန်နိုင်ငံ၌ ၂၀၁၉ ခုနှစ်အတွင်း အဆုံးစီရင်သူ ၃၄၆ဝ သာရှိခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ်တွင် ၂၀၉၁၉ ဦး မိမိကိုယ်မိမိ အဆုံးစီရင် ခဲ့သဖြင့် ယမန်နှစ်နှင့် နှိုင်းယှဉ်ပါက အဆုံးစီရင်မှု နှုန်း ၃ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ ၁၉၉၂ ခုနှစ်မှစတင်ကာ စိတ်ကျန်းမာရေးဆိုင်ရာ ဝေဒနာခံစားနေရသူများ ကို စောင့်ရှောက်မှုပေးအပ်ရန် တာဝန်ရှိသူများ အားလုံးနှင့် ကမ္ဘာသူကမ္ဘာသားများအားလုံး စိတ်ကျန်းမာရေး ဗဟုသုတမြင့်မားလာစေရန် ရည်ရွယ်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဦးဆောင်ဆော်ဩလျက်ရှိသည်။

 

ကမ္ဘာ့လူဦးရေ၏ ၃၀ ရာခိုင်နှုန်း

 

စိတ်ကျန်းမာရေးဆိုသည်က လူမျိုးမရွေး၊ ဘာသာမရွေး၊ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်သော ရောဂါတစ်မျိုးဖြစ်သည်။ ကမ္ဘာပေါ်တွင် ဖြစ်ပွားနေသောရောဂါမျိုးစုံ၏ ၁၄ ရာခိုင်နှုန်းမှာ စိတ်ရောဂါဖြစ်ပြီး ကမ္ဘာ့လူဦးရေ၏ ၃၀ ရာခိုင်နှုန်းမှာ စိတ်ရောဂါ တစ်မျိုးမဟုတ်တစ်မျိုး ရှိနေကြသည်ဟုလည်းဆိုကြသည်။ စိတ်ရောဂါများတွင် အများဆုံးဖြစ်တတ်သော ရောဂါများမှာ စိတ်ကျရောဂါ၊ အရက်စွဲရောဂါ၊ အမြင်သွေလွဲမှုရောဂါနှင့် ဒီမင်းရှားရောဂါများဖြစ်သည်ဟု သိရသည်။ မြန်မာ နိုင်ငံတွင် ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့ကကြေညာထားသော ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံမှ စာရင်းများအရ လူနာ ၁၆၁၆ ဦးရှိပြီး အမျိုးသား ၁၀၁၉ ဦးနှင့် အမျိုးသမီး ၅၉၇ ဦးရှိသည်ကို တွေ့ရှိရာ မြန်မာနိုင်ငံ၌ စိတ်ရောဂါခံစားရသူများတွင် အမျိုးသားဦးရေက ပိုမိုများပြားသည်ဟု အကြမ်းဖျင်းဆိုနိုင်မည် ဖြစ်သည်။ အရက်စွဲရောဂါ ဖြင့် ဆေးကုသမှုခံယူနေရသူမှာ ၁၆၈ ဦးရှိသည်ကိုလည်းတွေ့ရှိရာ လူနာဦးရေ၏ ၁၀ ရာခိုင်နှုန်းမှာ အရက်စွဲရောဂါဝေဒနာရှင်များ ဖြစ်ကြသည်။ ပတ်ဝန်းကျင်တွင် အတွေ့ရအများဆုံးမှာ စိတ်ကျ ဝေဒနာရှင်များဖြစ်ကာ ကလေးမီးဖွားပြီး မိခင်များ၊ တီဘီနှင့် အေအိုင်ဒီအက်စ်ကဲ့သို့သော နာတာရှည် ရောဂါရှင်များနှင့် သက်ကြီးရွယ်အို ဘိုးဘွားအချို့မှာပင် ရောဂါလက္ခဏာများကို တွေ့နေရသည်။ မြန်မာနိုင်ငံ၌ လူဦးရေ ၁ဝဝဝ တွင် ၅ ဒသမ ၇ ရာခိုင်နှုန်းသည် စိတ်ကျရောဂါဖြစ်ပွားနေပြီး လူဦးရေ သုံးသိန်းခန့်မှာ ဝေဒနာခံစားနေရကြောင်း ကျန်းမာရေးဌာန စာရင်းဇယားများအရ သိရသည်။

 

စိတ်ရောဂါနှင့်ပတ်သက်၍ အကြမ်းဖျင်းအားဖြင့် အမျိုးအစားလေးမျိုးရှိသည်။ စိတ်ဝေဒနာခံစား ခဲ့ရဖူးသူ၊ စိတ်ဝေဒနာခံစားနေရသူ၊ စိတ်ဝေဒနာ မခံစားရသူနှင့် စိတ်ဝေဒနာရှိပါလျက်ရှိနေမှန်း မသိသူတို့ဖြစ်ကြသည်။ စိတ်ဝေဒနာနှင့် ပတ်သက် ပြီး ခံစားခဲ့ဖူးသူ၊ ခံစားနေရသူ၊ မခံစားရသေးသူနှင့် ခံစားနေရမှန်းမသိသူဟု ပြောဆိုနိုင်သည်ဖြစ်ရာ အခြေအနေအကြောင်းတရား တစ်ခုခုကြောင့် အချိန်မရွေး ပြောင်းလဲသွားနိုင်သည်ဟု သတိပြု ရန်လိုအပ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ထုတ်ပြန်ထားသည့် အချက်အလက်များအရ ကမ္ဘာတစ်ဝန်းတွင် စိတ်ကျရောဂါခံစားနေရသူ ၃၂၂ သန်း ရှိသည်။ အရှေ့တောင်အာရှနိုင်ငံများတွင် စိတ်ကျရောဂါခံစားနေရသူ ၈၆ သန်းရှိနေပြီး ၂၀၀၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ဆယ်စုနှစ်တစ်စုကျော် ကာလအတွင်း အရေအတွက်အားဖြင့် ၁၈ ရာခိုင်နှုန်းကျော် မြင့်တက်လာကြောင်း စိတ်ကျန်းမာရေးချို့တဲ့မှုမှ တစ်ဆင့် နောက်ဆက်တွဲဆိုးကျိုးအဖြစ် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မှုကြောင့် သေဆုံးသူမှာ တစ်နှစ်လျှင် တစ်သန်းခန့်ရှိပြီးစက္ကန့် ၄၀ လျှင် တစ်ဦးနှုန်းသေဆုံးနေကြောင်း ဖော်ပြထားရာ စိတ်ကျန်းမာရေးချို့တဲ့သူများ၏အရေးက ကမ္ဘာကြီးအပေါ် ခြိမ်းခြောက်လျက် ရှိသည်။

 

ကမ္ဘာကြီး၏ စိန်ခေါ်မှုများကိုကိုင်တွယ်ရန်အလို့ငှာ အစောဆုံးအသက်အရွယ်များမှနေ၍ စိတ်ဓာတ်ကြံ့ခိုင်အောင် တည်ဆောက်ရန် လူငယ်များအား ကူညီရန်မှာ အရေးကြီးကြောင်း သိရှိလာကြသည်။ ကျန်းမာရေးကို မြှင့်တင်ရန်နှင့်ကာကွယ် စောင့်ရှောက်ခြင်းသည် မြီးကောင်ပေါက်တို့၏ ကျန်းမာရေးအတွက် ရေတိုနှင့် ရေရှည်အကျိုး ကျေးဇူးများရရှိစေရုံသာမက ကျန်းမာသော လူငယ်များအနေဖြင့် လုပ်သားအင်အားစု၊ ၎င်းတို့၏ မိသားစုများနှင့် အသိုင်းအဝိုင်း၊ လူ့အဖွဲ့အစည်း တစ်ရပ်လုံးတွင် ကောင်းမွန်စွာပါဝင်လာနိုင်ခြင်းကြောင့် စီးပွားရေးနှင့် လူ့အဖွဲ့အစည်းအတွက်လည်း အကျိုးကျေးဇူးများစေနိုင်သည်။ စိတ်ဝေဒနာရှင်များအတွက် ပိုမိုကောင်းမွန်သည့် ကျန်းမာရေး စောင့်ရှောက်မှု၊ လူ့အခွင့်အရေးအရ အကာအကွယ်ပေးမှု၊ ခွဲခြားဆက်ဆံခံရမှုနှင့် အကြမ်းဖက်ခံရမှု များမှ ကင်းဝေးစေရန်အတွက် စိတ်ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ ဥပဒေတစ်ရပ်ပြဋ္ဌာန်း၍ စောင့်ရှောက်မှုပေးရန် လိုအပ်နေသည်။ ပြည်သူ များအနေဖြင့်လည်း မိမိတို့ကိုယ်တိုင်က ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ စိတ်ကျန်းမာရေး ချို့တဲ့သူများပေါ် ခွဲခြားဆက်ဆံမှု မပြုမိစေရန် ဆင်ခြင်သင့်သည်။ စိတ်ဝေဒနာရှင်များအား လူမှု အသိုင်းအဝိုင်းမှ ခွဲခြားဆက်ဆံပစ်ပယ်ထားခြင်းထက် မိသားစုဝင်တစ်ဦးချင်းစီအနေဖြင့်ကြောက်ရွံ့ ဟန့်တားမှုမရှိဘဲ မိသားစုဝင်ချင်းဖြစ်စေ၊ ပရဟိတ အသင်းများ၏ စောင့်ရှောက်မှုများမှဖြစ်စေ၊ နိုင်ငံတော်မှဖြစ်စေ လူငယ်များ၏ စိတ်ကျန်းမာရေး အတွက် ရင်းနှီးမြှုပ်နှံမှုနှင့်ပြည့်စုံခိုင်မာသော စီမံချက်များရေးဆွဲကာ စောင့်ရှောက်မှုများပေးအပ်ရန် လိုအပ်ကြောင်း ရေးသားလိုက်ရပါသည်။