ကမ္ဘာလှည့်ခရီးသည်များ ကိုယ်ပိုင်မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များဖြင့် လာရောက်လည်ပတ်

နေပြည်တော်  ၁၂ ဧပြီ 

 

ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာမှ ခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရာတွင် ဝင်/ထွက် သွားလာမှု အဆင်ပြေစေရေးကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ လေကြောင်း၊ ရေကြောင်းများဖြင့်သာမက နယ်စပ်ဝင်/ထွက်ပေါက်များမှလည်း လာရောက် လည်ပတ်နိုင်ရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။ 

 

 

သို့ဖြစ်ရာ နိုင်ငံတကာမှ ခရီးသွားများအနေဖြင့် ၄င်းတို့၏ ကိုယ်ပိုင်မော်တော်ယာဉ်၊ မော်တော် ဆိုင်ကယ်များကို စီးနင်း၍ နယ်စပ်ဖြတ်ကျော်ဝင်ရောက်ကာ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ပြီး မြန်မာနိုင်ငံ၏ သဘာဝ အလှ အပရှုခင်းများ၊ ယဉ်ကျေးမှုအမွေအနှစ်များ၊ တိုင်းရင်းသားလူမျိုးတို့၏ ဓလေ့ထုံးစံများကို လေ့လာ၍ နိုင်ငံဖြတ် ကျော် ယာဉ်တန်းခရီးစဉ်များဖြင့် လာရောက် လည်ပတ်လျက်ရှိသည်။

 

 

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ ကူညီဆောင်ရွက်ပေးမှုနှင့် Pegu Travels Co.,Ltd ၏ စီစဉ် ဆောင်ရွက်မှုတို့ဖြင့် ဗြိတိန်နိုင်ငံသား (၁၀) ဦးတို့သည် ကိုယ်ပိုင်မော်တော်ယာဉ် နှစ်စီး၊ မော်တော်ဆိုင်ကယ် လေးစီးတို့ဖြင့် မတ် ၂၄ ရက်နေ့မှ ဧပြီ ၁ ရက်နေ့အထိ ရန်ကုန်မြို့မှ ဝင်ရောက်လာပြီး ရန်ကုန်-ပြည်-ပုဂံ-အင်းလေး-လွိုင်ကော်-တောင်ငူ-ကျိုက်ထီးရိုး-ဘားအံ-မြဝတီ ခရီးစဉ်များကို သွားရောက်၍ အဆိုပါဒေသများရှိ ထင်ရှားသော နေရာများကို လည်ပတ်ခဲ့ကြပြီး ဧပြီ ၁ရက်နေ့တွင် မြဝတီမြို့မှ ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ပြန်လည်ထွက်ခွာ သွားကြသည်။

 

ထို့အပြင် Bright Orient Co.,Ltd ၏ စီစဉ်ဆောင်ရွက်မှုဖြင့် မလေးရှားနိုင်ငံသား သုံးဦးနှင့် သြစတြေးလျနိုင်ငံသား တစ်ဦးတို့သည် ကိုယ်ပိုင်မော်တော်ယာဉ် တစ်စီးဖြင့် မတ် ၂၈ ရက်နေ့မှ ဧပြီ ၈ ရက်နေ့ အထိ တမူး-ကလေး-ဂန့်ဂေါ-မုံရွာ-မန္တလေး-ပုဂံ-ကလော-ပင်းတယ-အင်းလေး-တောင်ကြီး-နမ့်စန်-ကျိုင်းတုံ-တာချီလိတ်မြို့များသို့ သွားရောက်၍ အဆိုပါဒေသများရှိ ထင်ရှားသောနေရာများကို လည်ပတ်ခဲ့ကြသည်။

 

ယခုအချိန်သည် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရန် ကောင်းမွန်သည့်အချိန်ကာလဖြစ်ပြီး ခရီးသွား ဧည့်သည်များအနေဖြင့် နယ်စပ် ဝင်/ထွက်ပေါက်များမှ ကိုယ်ပိုင်မော်တော်ယာဉ်/ ဆိုင်ကယ်များဖြင့် လည်းကောင်း၊ ၄င်းတို့၏ အစီအစဉ်ဖြင့် လည်းကောင်း ဝင်ရောက်လာပြီး မြန်မာနိုင်ငံ၏ ထင်ရှားသော ဒေသများသို့ သွားရောက်လည်ပတ်လျက်ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရှိရသည်။

 

MDN