ကမ္ဘာလှည့် ခရီးသည်များ ကိုယ်ပိုင်မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များဖြင့် လာရောက်လည်ပတ်

နေပြည်တော် ၄ ဧပြီ

 

ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာမှ ခရီးသွားဧည့်သည်များ မြန်မာနိ်ုင်ငံသို့ လာရောက်လည်ပတ်ရာတွင် ဝင်/ထွက်သွားလာမှု အဆင်ပြေရေးကို စီစဉ် ဆောင်ရွက်ပေးလျက်ရှိရာ လေကြောင်း၊ ရေကြောင်းများဖြင့်သာမက နယ်စပ်ဝင်/ ထွက်ပေါက်များမှလည်း လာရောက်လည်ပတ်နိုင်ရန် ဆောင်ရွက်ပေးလျက် ရှိသည်။

 



သို့ဖြစ်ရာ နိုင်ငံတကာမှ ခရီးသွားများအနေဖြင့် ၄င်းတို့၏ ကိုယ်ပိုင်မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များကို စီးနင်း၍ နယ်စပ်ဖြတ်ကျော် ဝင်ရောက်ကာ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ပြီး မြန်မာနိုင်ငံ၏ သဘာဝ အလှအပ ရှုခင်းများ၊ ယဉ်ကျေးမှု အမွေအနှစ်များ၊ တိုင်းရင်းသားလူမျိုးတို့၏ ဓလေ့ထုံးစံများကို လေ့လာ၍ နိ်ုင်ငံဖြတ်ကျော် ယာဉ်တန်း ခရီးစဉ်များဖြင့် လာရောက်လည်ပတ်လျက် ရှိပါသည်။

 

ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာန၏ ကူညီဆောင်ရွက်ပေးမှုနှင့် Traventure Travels & Tours Co.,Ltd ၏ စီစဉ်ဆောင်ရွက်မှုတို့ဖြင့် နယူးဇီလန် နိုင်ငံသား (၆) ဦးတို့သည် ကိုယ်ပိုင် မော်တော်ဆိုင်ကယ် (၅) စီးဖြင့် ၂၀၁၈ခုနှစ်၊ မတ်လ (၁၉) ရက်နေ့မှ မတ်လ (၂၃) ရက်နေ့အထိ မြဝတီ မြို့မှ ဝင်ရာက်လာပြီး ကျိုက်ထီးရိုး-နေပြည်တော်-ပုဂံ-ဂန့်ဂေါ သို့သွားရောက်၍ အဆိုပါ ဒေသများရှိ ထင်ရှားသော နေရာများကို လည်ပတ်ခဲ့ကြပြီး မတ်လ(၂၄)ရက်နေ့တွင် မြန်မာ-အိန္ဒိယ နယ်စပ်မြို့ရှိ တမူးမြို့မှ ပြန်လည် ထွက်ခွာသွားကြောင်း ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာနမှ သိရသည်။

 

ထို့အပြင် ၎င်း Travels & Tours Co.,Ltd ၏ စီစဉ်ဆောင်ရွက်မှုဖြင့် အိန္ဒိယနိုင်ငံသား (၁၂)ဦးတို့သည် ကိုယ်ပိုင်မော်တော်ယာဉ် (၁)စီး၊ မော်တော်ဆိုင်ကယ်(၄)စီးဖြင့် ၂၀၁၈ ခုနှစ်၊ မတ်လ (၁၉) ရက်နေ့မှ မတ်လ (၂၆) ရက်နေ့အထိ တာချီလိတ်မှ ဝင်ရောက်လာပြီး တောင်ကြီး-မြဝတီ-ပဲခူး-ပုဂံ သို့သွားရောက်၍ အဆိုပါ ဒေသများရှိ ထင်ရှားသော နေရာများကို လည်ပတ်ခဲ့ကြပြီး မတ်လ (၂၇)ရက်နေ့တွင် တမူးနယ်စပ်ဂိတ်မှ အိန္ဒိယနိုင်ငံသို့ ပြန်လည်ထွက်ခွာ သွားကြပါသည်။

 

ယခုအချိန်သည် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရန် ကောင်းမွန်နေသည့်အချိန် ဖြစ်သဖြင့် ခရီးသွား ဧည့်သည်များအနေဖြင့် နယ်စပ်ဝင်/ထွက်ပေါက်များမှ ကိုယ်ပိုင်မော်တော်ယာဉ်/ ဆိုင်ကယ် များဖြင့် လည်းကောင်း၊ ၄င်းတို့၏ အစီအစဉ်ဖြင့် လည်းကောင်း၊ ဝင်ရောက်လာပြီး မြန်မာနိုင်ငံ၏ ထင်ရှားသော ဒေသများသို့ သွားရောက်လည်ပတ်လျက်ရှိကြောင်း ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာနမှ သိရသည်။

 

MDN