ကမ္ဘာ့ကပ်ရောဂါကာလတွင် အာမခံလုပ်ငန်းများမှ အင်တိုက်အားတိုက် ပူးပေါင်းလှူဒါန်းပါဝင် 

ရန်ကုန်   ၂၂   ဧပြီ

ကမ္ဘာ့ကပ်ရောဂါဖြစ်သော ကိုဗစ်-၁၉ ရောဂါမှာ မြန်မာနိုင်ငံတွင်လည်း သက်ရောက်လျက်ရှိရာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များအတွက် အာမခံလုပ်ငန်းများမှ အင်တိုက်အားတိုက်ဖြင့် ပူးပေါင်းပါဝင်လှူဒါန်းရာ၌ အာမခံလုပ်ငန်းများဖြစ်ကြသည့် KBZ MS General Insurance ကုမ္ပဏီနှင့် KBZ Life ကုမ္ပဏီတို့မှ ငွေကျပ်သိန်း ၁၀ဝ၀ ကျော် တန်ဖိုးရှိ အသက်ရှုစက်များ၊ PPE ဝတ်စုံများ၊ နှာခေါင်းစည်းများနှင့် မျက်မှန်များကို ယခုဧပြီလတွင် မြော က်ဥက္ကလာပ ဝေဘာဂီဆေးရုံ၊ ရန်ကုန်ဆေးရုံကြီး၊ ရန်ကုန်ဆေးရုံသစ်ကြီး၊ တောင်ဥက္ကလာပမိခင်နှင့် ကလေးဆေးရုံ၊သင်္ဃန်းကျွန်းစံပြ ဆေးရုံနှင့် အင်းစိန်ဆေးရုံတို့တွင် လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ အသက်အာမခံ ကုမ္ပဏီတို့မှ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့လည်း ကမ္ဘာ့ဘဏ်နှင့် ပူးပေါင်း၍ ငွေကျပ်သိန်း ၁၀ဝ၀ ကိုလည်း ရန်ပုံငွေအဖြစ် ပါဝင်လှူဒါန်းခဲ့ကာ ပြည်သူတစ်ဦးချင်းစီမှ လိုက်နာ ဆောင်ရွက်မှုပိုမိုထိရောက်စေရန် ကျန်းမာရေး အသိပညာပေးလှုပ်ရှားမှုဖြစ်သော နိုင်ငံတစ်ဝန်းမြို့များတွင် ကြော်ငြာ Billboard များကိုဖြန့်ဝေခြင်းနှင့် လူမှုကွန်ရက်စာမျက်နှာပေါ်မှတစ်ဆင့် အများပြည်သူတို့ထံ ကာတွန့်ပုံများဖြင့် လက်ဆေးခြင်း၊ လူခွဲနေထိုင်ခြင်းနှင့် အခြားသော ကာကွယ်ရေးနည်းလမ်းများကို ဖြန့်ဝေခဲ့ကြောင်း သိရသည်။

“အာမခံ ကုမ္ပဏီများအနေနဲ့ အခုလို ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ရင်ဆိုင်နေချိန်မှာ အကူအညီပေးဖို့ လိုအပ်နေပါတယ်။ ဒါကြောင့် ငွေကြေးနဲ့ ပစ္စည်းအထောက်အပံ့ တွေလှူဒါန်းတဲ့အပြင် ရောဂါပြန့်ပွားမှုကို ထိန်းချုပ်ကာကွယ်ဖို့ သတင်းအချက်အလက်တွေ ဖြန့်ဝေပေးနိုင်ဖို့၊ Billboard တွေနဲ့ လူမှုဆက်သွယ်ရေး ကျန်းမာရေး အသိပညာပေးမှုကို ကျယ်ပြန့်စွာဆောင်ရွက်နိုင်ခဲ့ပါတယ်” ဟု KBZ MS နှင့် KBZ Life ၏ဒုတိယ ဥက္ကဋ္ဌဖြစ်သူ ဦးညိုမြင့်က ပြောသည်။

အာမခံကုမ္ပဏီများဖြစ်သော KBZ MS နှင့် KBZ Life တို့မှ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအသိပညာပေးဆောင်ရွက်မှုအတွက် ကျပ်ငွေသိန်း ၅၀ဝ၀ ကိုလည်း ပေးလှူခဲ့ပြီးဖြစ်ကြောင်း အဆိုပါ အသက်အာမခံကုမ္ပဏီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

သန်းထိုက်