ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကမ္ဘာ့ပထမဆုံး ငှက်ဖျားရောဂါကာကွယ်ဆေး Mosquirix အား သုံးစွဲခွင့်အတည်ပြု

ဂျီနီဗာ အောက်တိုဘာ ၁၀

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကမ္ဘာ့ပထမဆုံးငှက်ဖျား ရောဂါကာကွယ်ဆေးကို သုံးစွဲခွင့်အတည်ပြုကြောင်း ကြေညာချက်တစ်ရပ် ထုတ်ပြန်ကြေညာသည်။

ခြင်မှဖြစ်ပွားသည့် ငှက်ဖျားရောဂါကူးစက်မှုကြောင့် တစ်နှစ်လျှင် လူလေးသိန်းကျော် သေဆုံးလျက်ရှိပြီး အများစုမှာ အာဖရိကဒေသမှ ကလေးငယ်များဖြစ်ကြောင်း အဆိုပါကြေညာချက် တွင် ပါရှိသည်။

ယင်းကာကွယ်ဆေး RTS,S/AS01 (Mosquirix) သည် လေးကြိမ်ထိုးနှံမှုခံယူရမည့် ဆေးအမျိုးအစားဖြစ်သည်။

ဂါနာ၊ ကင်ညာနှင့် မာလာဝီနိုင်ငံများရှိ ကလေးငယ်ရှစ်သိန်းကျော်အား အဆိုပါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးရန် ၂၀၁၉ ခုနှစ်မှစပြီး အစီအစဉ်တစ်ရပ် ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ဗြိတိန်နိုင်ငံ ဆေးဝါးကုမ္ပဏီ GlaxoSmithKline နှင့် အခြားဆေးဝါးကုမ္ပဏီများက အဆိုပါငှက်ဖျား ကာကွယ်ဆေး၏ အစွမ်းထက်မှုနှင့် ရောဂါခုခံနိုင်စွမ်းတို့ကို လက်တွေ့စမ်းသပ်မှုများ ပြုလုပ်ပြီးနောက် အတည်ပြုထောက်ခံခဲ့သည်။

အဆိုပါကာကွယ်ဆေးသည် ရောဂါပြင်းထန်စွာ ခံစားရမှု၏ ၃၀ ရာခိုင်နှုန်းကို လျော့နည်းစေကြောင်း သိရသည်။

Mosquirix ကာကွယ်ဆေး ပေါ်ထွက်လာစေရန် နှစ်ပေါင်း ၃၀ ကျော် ကြိုးပမ်းခဲ့ရပြီး ယင်းကာကွယ်ဆေး ထွက်ပေါ်လာမှုသည် လူသားကျန်းမာရေးသမိုင်းတွင် မှတ်တိုင်တစ်ခုစိုက်ထူနိုင်ပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ တီဒရော့စ်အက်ဒါနွမ် ဂါဘရီယီဆက်စ်က ပြောကြားသည်။

ကိုးကား- အင်န်အိတ်ချ်ကေ

ဘာသာပြန်- အောင်ကျော်ကျော်