ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ (၂၀၂၀-၂၀၂၁) ခုနှစ် စီမံချက် ရန်ပုံငွေ ရရှိသုံးစွဲမှုအခြေအနေ ညှိနှိုင်းဆွေးနွေးပွဲကျင်းပ

နေပြည်တော်  ၁၉  ဇွန်

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ (၂၀၂၀-၂၀၂၁) စီမံချက် ရန်ပုံငွေ (WHO 2020-2021 program budget) ရရှိသုံးစွဲမှုအခြေအနေ ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၌ Video Conferencing ဖြင့် ပြုလုပ်သည်။

 

ဆွေးနွေးပွဲ၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ယခုအခါတွင် ကိုဗစ်-၁၉ ဖြစ်ပွားနေသော် လည်း အခြားကျန်းမာရေးလုပ်ငန်းများကို လစ်လျူရှုထား၍မရပါကြောင်း၊ တီဘီရောဂါ၊ ခုခံကျ/ ကာလသားရောဂါ၊ ငှက်ဖျားရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ အပါအဝင် ကူးစက်ရောဂါများ၊ သွေးတိုး၊ ဆီးချို၊ နှလုံးအပါအဝင် မကူးစက်တတ်သောရောဂါများ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများနှင့် မိခင်၊ မွေးကင်းစ၊ ကလေး၊ ဆယ်ကျော်သက် ကျန်းမာရေးနှင့် အာဟာရလုပ်ငန်းများတွင်လစ်ဟာ အားနည်းမှု များရှိပါက ကျန်းမာရေး ပြဿနာနှင့် ရောဂါများ ဖြစ်ပွားမှုနှင့် ရောဂါကြောင့် သေဆုံးမှုများသည် ကိုဗစ်-၁၉ ထက်ပင်များပြားမည်ဖြစ်ပါကြောင်း၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် လစ်ဟာမှုများ ရှိပါကလည်း ကာကွယ်ဆေးဖြင့် ကာကွယ်နိုင်သော ရောဂါ (၁၂)မျိုး ကူးစက်ပြန့်ပွားမှုများ ဖြစ်ပွားလာ မည်ဖြစ်ပါကြောင်း၊ အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာရှိသော ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ (၂၀၂၀-၂၀၂၁)ခုနှစ် စီမံချက်ရန်ပုံငွေဖြင့် အကောင်အထည်ဖော်သည့်လုပ်ငန်းများကို အရည်အသွေးပြည့် ထိရောက်စွာ အချိန်မီပြီးစီးအောင်မြင်စေရေးကို ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ လက်ရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် တွဲဖက်လုပ်ဆောင်နေသော ကျန်းမာရေးစီမံချက်လုပ်ငန်းများအား ယခုထက် ပိုမို အကျိုးရှိထိရောက်စွာဖြင့် ဆောင်ရွက်နိုင်ရေးအတွက် အရည်အသွေးပြည့်ဝသော အကျိုးရလဒ် ကောင်းမွန်မြင့်မားသော ကျန်းမာရေးစီမံချက် အဆိုပြုလွှာများကို ဆန်းသစ်သောအတွေးအမြင်များဖြင့် အမြန်ဆုံးဆက်လက်ရေးဆွဲ၍ ဆောင်ရွက်ကြစေလိုပါကြောင်း။

 

ကျန်းမာရေးစီမံချက် မန်နေဂျာများအနေဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲနှင့် စိန်ခေါ်မှုများကို ဆွေးနွေးကြစေလိုပါကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စီမံချက်ရန်ပုံငွေများကို သုံးစွဲရာတွင် တစ်သမတ်တည်း ပုံသေမဟုတ်ဘဲ သုံးစွဲမည့်လုပ်ငန်းအမျိုးအစားခေါင်းစဉ်ကို မွမ်းမံ ပြင်ဆင်ဆောင်ရွက်နိုင်သည်ဖြစ်သဖြင့် မိမိတို့အနေဖြင့် လက်ရှိအခြေအနေအရပ်ရပ်အပေါ်မူတည်၍ လုပ်ငန်းများပြောင်းလဲ၍ ရန်ပုံငွေများကို အပြည့်အဝအသုံးပြုနိုင်ရန် လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ကျန်းမာရေးဌာနများအနေဖြင့် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ကျန်းမာရေးစီမံချက် (program)နှင့် တိုင်ပင်ညှိနှိုင်းကာ ဆောင်ရွက်ရ မည်ဖြစ်ပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ဝန်ကြီးဌာနမှ ဖြန့်ဝေထားသော Mobile Tablet များကို ထိရောက်စွာ အသုံးချကာ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနရှိ ပြည်တွင်း ပြည်ပ ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနခွဲမှ တာဝန်ရှိသူများအနေဖြင့် ဝန်ကြီးဌာန ကျန်းမာရေး စီမံချက်များမှ တာဝန်ရှိသူများနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ မြန်မာနိုင်ငံရုံးနှင့် အရှေ့တောင်အာရှ ဒေသဆိုင်ရာရုံးတို့မှ တာဝန်ရှိသူများအကြား ချိတ်ဆက်ညှိနှိုင်းပေးမှုများကို ယခုထက်ပိုမို လုပ်ဆောင် ရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေ၊ ထိရောက် အောင်မြင်မှုအခြေအနေများအား စောင့်ကြည့်ဆန်းစစ်ခြင်းလုပ်ငန်းများအား တစ်ချိန်တည်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ မြန်မာနိုင်ငံဌာနေကိုယ်စားလှယ် Dr. Stephan Paul Jost က ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ (၂၀၂၀-၂၀၂၁) ခုနှစ် စီမံချက်ရန်ပုံငွေနှင့်ပတ်သက်၍ ခြုံငုံရှင်းလင်း ပြောကြားခဲ့ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ မြန်မာနိုင်ငံရုံးမှ Medical Officer Dr. Shahjahan က ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ (၂၀၂၀-၂၀၂၁) စီမံချက် ရန်ပုံငွေရရှိမှု၊ သုံးစွဲမှုနှင့် ဆောင်ရွက်နေသော လုပ်ငန်းစဉ်များ၏ လက်ရှိအခြေအနေကိုလည်းကောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ မြန်မာနိုင်ငံရုံးမှ Administrative Officer Mr. Maarten Kockelkoren က လုပ်ငန်းအကောင်အထည်ဖော်မှုပုံစံနှင့် စီမံခန့်ခွဲမှုအကြောင်းအရာများကိုလည်းကောင်း တင်ပြကြသည်။

 

ဆက်လက်၍ ဆွေးနွေးပွဲသို့တက်ရောက်လာကြသည့် ကျန်းမာရေးစီမံချက်မန်နေဂျာများက စီမံချက် အလိုက် အကောင်အထည်ဖော်ဆောင်ရွက်နေသောလုပ်ငန်းများ၊ ကိုဗစ်-၁၉ ဖြစ်ပွားနေစဉ်ကာလ အတွင်း စီမံချက်လုပ်ငန်းများဆောင်ရွက်ရာတွင် တွေ့ကြုံရသည့်အခက်အခဲများနှင့် ဆက်လက် ဆောင်ရွက်မည့်ကိစ္စရပ်များအား ရှင်းလင်းတင်ပြခဲ့ကြပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများကို ဝိုင်းဝန်းဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြသည်။

 

ထို့အတူ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့နံနက်ပိုင်းကလည်း The America Chamber of Commerce Myanmar ၏ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းနှင့်အဖွဲ့ကို ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံပွဲသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်း အတွင်းဝန်၊ ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ The America Chamber of Commerce Myanmar မှ ဒုတိယဥက္ကဋ္ဌ Mr. Max Talcott နှင့် PANAUST SERVICES (MYANMAR)၊ Director Mr. Jay Martin နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

သတင်းစဉ်