ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းဆိုင်ရာ တာဝန်ဝတ္တရားများကို  ကျေပွန်စွာထမ်းဆောင်ရန် အမေရိကန်အား တရုတ်တိုက်တွန်း

ပေကျင်း   ၁၆   ဧပြီ

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါအား တိုက်ဖျက်ရာတွင် အမေရိကန်နိုင်ငံအနေဖြင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းဆိုင်ရာ တာဝန်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်ရန် တရုတ်နိုင်ငံက တိုက်တွန်းလိုက်ကြောင်း သိရသည်။ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဇာအိုလီဂျန်းက ဧပြီ ၁၅ ရက်တွင် မြို့တော်ပေကျင်း၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်း အမေရိကန်နိုင်ငံအား တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း၏ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှုကို ကိုင်တွယ်မှုနှင့်စပ်လျဉ်း၍ ရန်ပုံငွေ ပေးအပ်နေမှုကို အမေရိကန်အစိုးရအနေဖြင့် ယာယီရပ်ဆိုင်းကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ကြေညာခဲ့ခြင်းကို တုံ့ပြန်ကာ ဇာအိုလီဂျန်းက ပြောကြားခဲ့ခြင်းဖြစ်သည်။ အမေရိကန်နိုင်ငံသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းအား အများဆုံးလှူဒါန်းသည့် နိုင်ငံဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ်သည် ကမ္ဘာတစ်ဝန်းသို့ လျင်မြန်စွာပျံ့နှံ့နေသည့်အတွက် အမေရိကန်၏ ဆုံးဖြတ်ချက်သည် ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်ဆောင်ရွက်လျက်ရှိသည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း၏ ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းမှုကို သေးသိမ်သွားစေကြောင်း ဇာအိုလီဂျန်းက ပြောကြားခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားချိန်မှစတင်ကာ အတွင်းရေးမှူးချုပ် ဂီဘရီယီးဆပ်၏ ညွှန်ကြားချက်အောက်တွင် တာဝန်ဝတ္တရားများကို ကျေပွန်စွာဆောင်ရွက်ခဲ့ကြောင်းနှင့် နိုင်ငံတကာ၏ နားလည်မှုနှင့် ချီးကျူးမှုကိုရရှိခဲ့ကြောင်း ဇာအိုလီဂျန်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရာတွင် အဓိကကဏ္ဍမှ ပါဝင်သွားမည်ဖြစ်ကြောင်းနှင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းကို ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ဇာအိုလီဂျန်းက ဆက်လက်ပြောကြားခဲ့သည်။

ကိုးကား - အင်န်အိတ်ချ်ကေ၊ ဘာသာပြန် - အလင်းသစ်