ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူနှင့် ထိတွေ့မှုရှိသဖြင့် သီးခြားခွဲနေထိုင်

၂ နိုဝင်ဘာ

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အကြီးအကဲဖြစ်သူက ၎င်းသည် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူတစ်ဦးနှင့် ထိတွေ့မှုရှိခဲ့သဖြင့် သီးခြားခွဲနေထိုင်မည်ဟု ဆိုသည်။

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ်က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ တစ်ဦးနှင့် ထိတွေ့မှုရှိသည်ဟု ၎င်းအားသတ်မှတ်ခံရကြောင်း ၎င်း၏တွစ်တာတွင် ယမန်နေ့က ရေးသားထားသည်။

 

တက်ဒရော့စ်က ၎င်းအနေဖြင့် ကျန်းမာရေးကောင်းမွန်ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါလက္ခဏာမပြကြောင်း ပြောကြားခဲ့သည်။

 

သို့ရာတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ချမှတ်ထားသည့် စည်းမျဉ်းများနှင့်အညီ လာမည့်နေ့များတွင် နေအိမ်မှအလုပ်လုပ်မည်ဖြစ်ကြောင်းနှင့် သီးခြားခွဲနေထိုင်မည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

 

တက်ဒရော့စ် က ငါတို့အားလုံးကျန်းမာရေးလမ်းညွှန်ချက်များကို လိုက်နာရန် အရေးကြီးကြောင်းကိုလည်း တွစ်တာတွင် ရေးသားထားသည်။

 

ဉရောပတွင် စက်တင်ဘာလနောက်ပိုင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေမှာ နွေဦးရာသီကထက် ပိုပြီး သိသိသာသာမြင့်မားလာခဲ့သည်။

 

ဆွစ်ဇာလန်အာဏာပိုင်များက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်ရုံးစိုက်ရာ ဂျီနီဗာတွင် စားသောက်ဆိုင်များ၊ ဘားများနှင့် ပြဇာတ်ရုံများတွင် ကန့်သတ်ချက်များပြန်လည်ချမှတ်ရန် ဆုံးဖြတ်ချက်ချခဲ့သည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို