ကမ္ဘာ့ကျန်းမာရေးအခမ်းအနားတွင် စံပြဆေးရုံဆုရရှိအောင် ဆောင်ရွက်ပေးသော ဆေးရုံအုပ်ကြီးနှင့် ဝန်ထမ်းများအား ဂုဏ်ပြုပွဲနှင့် လက်ထောက်ဆရာဝန်သစ် ကြိုဆိုပွဲ ညောင်လေးပင်မြို့၌ကျင်းပ

ညောင်လေးပင် ၁၂ ဧပြီ

 


World Health Day (2019) တွင် စံပြဆေးရုံဆုရရှိသော ညောင်လေးပင်ဆေးရုံအား မြို့သူမြို့သားများက စံပြဆေးရုံဆုရရှိအောင် ဆောင်ရွက်ပေးသော ဆေးရုံအုပ်ကြီးနှင့် ဝန်ထမ်းများအား ဂုဏ်ပြုပွဲ၊ လက်ထောက်ဆရာဝန်သစ် ကြိုဆိုပွဲနှင့် မြန်မာ့ရိုးရာ နှစ်သစ်ကြိုဆိုပွဲ အခမ်းအနားကို ဧပြီ ၁၂ ရက် မွန်းလွဲ ၁ နာရီက ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့ ပြည်သူ့ဆေးရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

 


အခမ်းအနားတွင်   ညောင်လေးပင် မြို့သူမြို့သားများ ကိုယ်စား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြင့်သိန်းနှင့် တာဝန်ရှိသူများက စံပြဆေးရုံဆုရရှိအောင် ဆောင်ရွက်ပေးခဲ့ကြသော ဆေးရုံအုပ်ကြီးနှင့် ဝန်ထမ်းများအား ဂုဏ်ပြုတံဆိပ်နှင့် ဂုဏ်ပြုလက်ဆောင်ကို ပေးအပ်ချီးမြှင့်ရာ ဆေးရုံအုပ်ကြီး ဒေါက်တာသောင်းဒန်ဦးက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ဆက်လက်၍ လက်ထောက်ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်မည့် ဆရာဝန်များနှင့် မိတ်ဆက်ပေးပြီး နှစ်သစ်မင်္ဂလာအထိမ်းအမှတ်အဖြစ် ဆေးရုံဝန်ထမ်းများအား ကံစမ်းမဲများ ဖောက်ပေးခဲ့သည်။

 


ညောင်လေးပင်မြို့နယ်ဆေးရုံတွင် ယခင်က လက်ထောက်ဆရာဝန် နှစ်ဦး၊ ဆေးရုံအုပ်ကြီး တစ်ဦးနှင့် ကျန်းမာရေးဝန်ထမ်းများဖြင့်သာ ကျန်းမာရေးစောင့်ရှောက်မှုများပေးခဲ့ရာ ယခုအခါ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနသို့ လက်ထောက်ဆရာဝန်တစ်ဦး၊ မြို့နယ်ဆေးရုံသို့ လက်ထောက်ဆရာဝန်သုံးဦး အသစ်ထပ်မံရောက်ရှိလာသဖြင့် ညောင်လေးပင်မြို့နယ်အတွင်းရှိ ပြည်သူများအား ယခင်ထက်ပို၍ ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။ 

 


နေလင်း(ညောင်လေးပင်)