ကမ္ဘာကြီးရဲ့ အဆိုးအကောင်းဖန်တီးရှင်တွေနဲ့ ဝင်ရိုးတန်းအပြောင်းအလဲ

မြင့်မြတ်

နိုင်ငံတကာဆက်ဆံရေးနယ်ပယ်မှာ “ဝင်ရိုးတန်း” polarity ဆိုတဲ့အသုံးအနှုန်းကို သုံးစွဲနေတာကြာပါပြီ။ Bipolar၊ Unipolar၊ Multipolar စသဖြင့်ဖြစ်ပါတယ်။ ခေတ် ကာလအသီးသီးမှာ နိုင်ငံတကာစနစ်တွေအပေါ် လွှမ်းမိုးချုပ်ကိုင်တဲ့ အင်အားကြီးနိုင်ငံတစ်နိုင်ငံ၊ နှစ်နိုင်ငံ စသဖြင့်မူတည်ပြီး ဝင်ရိုးတန်းပုံစံအမျိုးမျိုးရှိခဲ့ကြပါတယ်။

နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး မျက်နှာစာအသီးသီးမှာ လူအင်အား၊ ဓနအင်အား သာလွန်မှုအရ ပါဝါကြီးမားမှု၊ အရင်းအမြစ်အသုံးချမှု၊ ခွဲဝေကြမှု၊ မျှတမှုနဲ့ တန်ဖိုးထားမှု အမျိုးသား အကျိုးစီးပွားအခြေခံ၊ လစ်ဘရယ်အခြေခံစသဖြင့် ဦးတည်တဲ့ လမ်းကြောင်းတွေ အပေါ်မူတည်ပြီး ဝင်ရိုးတန်းအပြောင်းအလဲတွေ ဖြစ်ပေါ်လေ့ရှိပါတယ်။ ကမ္ဘာမှာ နိုင်ငံအားလုံးထက် ပါဝါသာလွန်တဲ့ အင်အားအကြီးဆုံးနိုင်ငံ နှစ်နိုင်ငံက သို့မဟုတ် ခေါင်းဆောင်မှုယူထားတဲ့ အုပ်စုနှစ်ခုက ချိန်ခွင်လျှာအညီအမျှ ထိန်းထားနိုင်တဲ့အခြေအနေမှာ ဒွိဝင်ရိုး (Bipolar) ဖြစ်နေပြီး စူပါပါဝါတစ်နိုင်ငံက ကျဆုံးသွားပြီး ပြိုင်ဘက်စူပါပါဝါက ပြိုင်ဘက်မရှိ ကမ္ဘာကို လွှမ်းမိုးချုပ်ကိုင်နိုင်တဲ့ အနေအထားရောက်လာရင်တော့ Unipolar ဧကဝင်ရိုးအဖြစ် သတ်မှတ်ထားကြပါတယ်။ 

ဝင်ရိုးစုံကမ္ဘာသစ်ဆီ လှမ်းလို့ချီနေပါပြီ 

ကမ္ဘာ့ဇာတ်ခုံမှာ ဝင်ရိုးကမ္ဘာအမျိုးမျိုးနဲ့ အခင်းအကျင်းမျိုးစုံကို ကြုံဆုံခဲ့ကြရာမှာ ယခုမျက်မှောက်မှာလည်း အရွေ့တစ်ခု၊ အခင်းအကျင်းသစ် တစ်ခုဆီသို့ လှမ်းနေကြပြီလို့ ကမ္ဘာ့ စာမျက်နှာအသီးသီးက ဖော်ပြနေကြပါပြီ။ ဒုတိယကမ္ဘာစစ်အပြီး စစ်အေးကာလမှာ Bipolar ၊ ဆိုဗီယက်ယူနီယံကြီးပြိုကွဲ အပြီးမှာတော့ ပြိုင်ဘက်ကင်း အမေရိကန်တစ်နိုင်ငံတည်း ဗိုလ်ကျစိုးမိုးနိုင်ခဲ့တဲ့ Unipolar ၊ ယခုမျက်မှောက်မှာတော့ နိုင်ငံကြီး နိုင်ငံငယ် အများစုချဉ်းကပ် နေကြတဲ့ ဝင်ရိုးစုံကမ္ဘာသစ် Multipolar စသည်တို့ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့လက ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့ခ်မြို့မှာ ကျင်းပပြီးစီးခဲ့တဲ့ အာရှအရှေ့ဖျားစီးပွားရေးဖိုရမ် EEF 2022 သည်ပင် ဝင်ရိုးစုံကမ္ဘာကြီးဆီ လှမ်းချီနေပုံကို ထင်ရှားတဲ့ အခင်းအကျင်းတစ်ခုအဖြစ် မြင်လို့ရပါတယ်။ ဖိုရမ်ရဲ့ theme ကိုက “The path to a Multipolar world” လို့ သတ်မှတ်ခဲ့တာပါ၊ ကမ္ဘာကြီးက “ဗဟုဝင်ရိုးစုံ ကမ္ဘာကြီးဆီသို့ မြိုင်မြိုင် ဆိုင်ဆိုင် လှမ်းလို့ချီ” နေကြပါပြီ။ မကြာပါဘူး၊ EEF ကျင်းပပြီး ရက်ပိုင်းအတွင်းမှာပဲ ဥဇဘက်ကစ္စတန်မှာ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ SCO ထိပ်သီးအစည်းအဝေးတစ်ခုကိုလည်း ကျင်းပပြီးစီးခဲ့ပြန်ပါတယ်။ SCO မှာ တရုတ်၊ ရုရှား ၊ အိန္ဒိယ ထိပ်သီးနိုင်ငံတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို တွေ့ခဲ့ကြရပြီး မြန်မာ၊ အီရန်လို အဖွဲ့ဝင်သစ်တွေ ပါဝင်ပူးပေါင်းလာကြမယ့် အနေအထားတွေလည်း မြင်နေရပါတယ်။ အီဂျစ်၊ ဆော်ဒီ၊ ကာတာ၊ ဘာရိန်း၊ ကူဝိတ်၊ ယူအေအီး၊ မော်လ်ဒိုက်စတဲ့ နိုင်ငံတွေလည်း SCO ရဲ့ ဆွေးနွေးဖက်နိုင်ငံတွေအဖြစ် အသိအမှတ်ပြုခံခဲ့ကြရပါတယ်။ 

အိန္ဒိယနိုင်ငံ၏အရွေ့က လွတ်လပ်စွာရပ်တည်ခွင့်ကိုပြသနေ 

ဝင်ရိုးစုံကမ္ဘာဆီ ချဉ်းကပ်မှု အပြောင်းအလဲပုံစံတစ်ခုကို မြင်သိကြား သိနေရာမှာ ထူးခြားချက်က ကမ္ဘာ့လူဦးရေနဲ့ စီးပွားရေးပဉ္စမမြောက် အကြီးဆုံးဖြစ်တဲ့ အိမ်နီးချင်း ဒီမိုကရေစီ နိုင်ငံကြီးတစ်နိုင်ငံရဲ့ အရွေ့တစ်ခုဟာ အားလုံးအတွက် သတိထားစရာတစ်ခု ဖြစ်ခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် မေလကမှ ဖွဲ့စည်းခဲ့တဲ့ အမေရိကန်ဦးဆောင်တဲ့ အင်ဒိုပစိဖိတ်စီးပွားရေးမူဘောင် IPEF အဖွဲ့ကနေ အိန္ဒိယနိုင်ငံကြီးက နုတ်ထွက် လိုက်တယ်ဆိုတဲ့ သတင်းနဲ့အတူ SCO မှာ အိန္ဒိယနိုင်ငံကြီးရဲ့ ပါဝင်ပူးပေါင်း လာမှုဟာ ကမ္ဘာကြီးအတွက် ကောင်းသော အတိတ်နိမိတ်တစ်ခုအဖြစ် ထင်ရှားလာပါတယ်။ 

အိန္ဒိယဟာ ကိုယ့်အမျိုးသားအကျိုး စီးပွားနဲ့ ဒေသအကျိုးအတွက် လွတ်လွတ်လပ်လပ် ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ နုတ်ထွက်ခဲ့တာဖြစ်တယ်လို့ ယူဆရပြီး တရုတ်၊ ရုရှား စတဲ့ SCO အဖွဲ့ဝင်နိုင်ငံတွေနဲ့ ပိုပြီးအစေးကပ်လာတဲ့ သဘောအဖြစ် သုံးသပ်ကြပါတယ်။ အကျိုးတူရာ ချင်း စည်းလုံးသွားတဲ့ အသွင်အပြင်တစ်ခုအဖြစ် မြင်နိုင်ပါတယ်။ လွတ်လွတ်လပ်လပ် ရပ်တည်ခွင့်ရှိတဲ့ နိုင်ငံတစ်နိုင်ငံအပေါ် အင်အားကြီးတဲ့ ဘယ်လိုနိုင်ငံမျိုးကမှ လွယ်လွယ်နဲ့ ထိန်းချုပ်လို့မရဘူး၊ ခြယ်လှယ်ချင်တိုင်း ခြယ်လှယ်လို့ မရဘူး ဆိုတာကို လက်တွေ့ပြသလိုက်ခြင်း လည်းဖြစ်ပါတယ်။ 

ဖွံ့ဖြိုးဆဲနိုင်ငံတွေဟာ အင်အားကြီးတွေရဲ့ အစဉ်အဆက် ခွဲခြားဆက်ဆံမှု၊ ဗိုလ်ကျ လွှမ်းမိုးချုပ်ကိုင်မှုတွေကို စိုးရိမ်နေကြတယ်ဆိုတဲ့အချက်ကို ထင်ဟပ်နေခြင်းလည်း ဖြစ်ပါတယ်။ 

ဩဇာချဲ့ထွင်မှုတွေ မလိုလား၍ သီးခြားကမ္ဘာများ တည်ဆောက်လာကြ 

အချို့နိုင်ငံတွေက မိမိတို့ မူလပါဝင်နေတဲ့ အဖွဲ့ဟာ စီးပွားရေး၊ ကုန်သွယ်ရေးကို အဓိကထားတယ်ဆိုပေမယ့် တကယ်လက်တွေ့မှာ ပထဝီနိုင်ငံရေးအရ၊ စစ်ရေးအရ အသုံးချခံသက်သက်သာဖြစ်နေပြီး အကျိုးစီးပွားမမျှတ၊ မသေချာမရေရာတဲ့ ရည်မှန်းချက်တွေကို တွေ့လာရတဲ့အခါ အဖွဲ့အပေါ် ယုံကြည်မှုကင်းမဲ့လာကြပါတယ်၊ စစ်မှန်တဲ့ အကျိုးစီးပွားနဲ့ သေချာရေရာတဲ့ အဖွဲ့အစည်းတွေအပေါ် ချဉ်းကပ်လာခြင်းဟာ သဘာဝကျပါတယ်။ 

ယနေ့ခေတ်မှာ အချို့နိုင်ငံတွေဟာ ယခင်ကလို မိမိအယူဝါဒရေးရာတစ်ခုတည်းကိုသာ ရှေ့တန်းတင် ဦးစားမပေးကြတော့တဲ့အပြင် မိမိကိုမလိုမုန်းထား ဆန့်ကျင်နေတဲ့ နိုင်ငံတွေရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး၊ ယဉ်ကျေးမှုနည်းလမ်းပေါင်းစုံနဲ့ ဩဇာ ချဲ့ထွင်မှုတွေအပေါ်မှာပါ သတိထား၊ မျက်ခြည်ပြတ်မခံ ဟန့်တားနိုင်ဖို့အထိ စဉ်းစားလာကြပြီဖြစ်ပါတယ်။ ဒီနေရာမှာ အကြမ်းဖက်ခြိမ်းခြောက်မှုတွေ ခံနေရတယ်၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဟာ ခြိမ်းခြောက်ခံနေရတယ်စသဖြင့် မှိုင်းတိုက်မှုတွေ၊ ရန်ရှာမှုတွေ၊ ဖယ်ကြဉ်ခံရမှုတွေကို မခံစားနိုင်တော့တဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများစွာဟာ သူတို့တန်ဖိုးသူတို့ ပြသနိုင်ဖို့ တန်းတူအခွင့်အရေးကိုလိုချင်လို့သာ သီးခြားကမ္ဘာတွေကို စည်းရုံး တည်ဆောက်လာကြတယ်လို့ မြင်မိပါတယ်။ 

အကျိုးစီးပွားတူရာစုမိသည့် အခင်းအကျင်းအသစ်နဲ့မြင်ကွင်းသစ် 

ယခုလက်ရှိကမ္ဘာ့အခင်းအကျင်းရဲ့ ကစားပွဲအသစ်တွေဆိုရာမှာ ပလေယာ အားလုံးဟာ ကိုယ်အလေးသာတဲ့ မျက်နှာစာပေါင်းစုံက ပါဝင်ကစားနေကြတာဖြစ်ပါတယ်။ ရှေရှည်ကိုကြည့်ပြီး ပြိုင်ဘက်ပျက်သုဉ်းရေး အဓိကဦးတည်ပြီး နိုင်ငံရေးမျက်နှာစာ၊ စစ်ရေး မျက်နှာစာတင်မက စီးပွားရေးမျက်နှာစာမှာပါ အပြိုင်အဆိုင် ယှဉ်ပြိုင်ထိုးနှက် နေကြတာဖြစ်ပါတယ်။ မျက်နှာစာပေါင်းစုံမှာ မိမိနိုင်ငံမိမိအကျိုးဦးစားပေး ယှဉ်ပြိုင်လာကြတာဆိုတော့ အခင်းအကျင်းက အသစ်အသစ်တွေ ဖြစ်လာသလို မြင်ကွင်းသစ်နဲ့ ဗားရှင်းအသစ်တွေကိုလည်း တွေ့လာရပါတော့တယ်။ 

ကိုယ့်အကျိုးစီးပွားသက်သက်ဖြစ်လာတဲ့အခါ ယခင်အစဉ်အဆက် လက်တွဲခဲ့သူတွေကို လက်တွဲဖြုတ်၊ အကျိုးစီးပွားဘက်ချင်း သီးသန့်ဝန်းကျင်တွေ ထူထောင်ကြရင်းနဲ့ ဝင်ရိုးအသစ်နဲ့ ဝင်ရိုးတွေများလာတယ်လို့ ဆိုရပါမယ်။ ယနေ့ကမ္ဘာကြီးမှာ တသီးတခြား တစ်ထီးတစ်နန်း နေလို့မရတော့ပါဘူး၊ အကျိုးစီးပွားချင်း တူရာတူရာစုရတော့မယ့် အနေအထားမှာ ရောက်နေပြီဆိုတာ သတိပြုမိနေကြပါပြီ။ 

အိန္ဒိယနဲ့ တရုတ်၊ ပါကစ္စတန်နဲ့ အိန္ဒိယတို့ဟာ သိပ်မတည့်ကြတဲ့နိုင်ငံ တွေပါ၊ NATO အဖွဲ့ဝင် တူကီယဲဆိုလည်း ဒီလိုပါပဲ။ အမေရိကန်ကို ဆန့်ကျင်ပြီး သူ့လမ်းသူ လျှောက်တယ်၊ အကျိုးစီးပွား တူရာချင်း၊ တန်ဖိုးတူရာချင်း စုစည်းမိကြ တဲ့သဘောကို တွေ့ရပါတယ်။ အချို့ နေရာတွေမှာ လစ်ဘရယ်နဲ့ ဒီမိုကရေစီ နေရာမှာ မျိုးချစ်စိတ်နဲ့ အမျိုးသားရေး လက္ခဏာတွေ မသိမသာအစားထိုးလာ နေတာကိုလည်း မြင်အောင်ကြည့် စေချင်ပါတယ် ။ ( ဥပမာ- အီတလီနိုင်ငံ ရေးအပြောင်းအလဲ)၊ ဦးဆောင်သူတွေ ပြောင်းလဲလာမယ့် အနေအထားနဲ့ ဖန်တီးရှင်တွေ ပေါ်ထွက်လာမယ့် အခြေအနေတွေကို မျက်ခြည်ပြတ်လို့ကတော့ ကိုယ်ခံရမယ့်ကိန်း ဆိုက်သွားနိုင်ပါတယ်။

ကြည့်ပါ၊ အမေရိကန်ရဲ့မဟာမိတ်အဖြစ် ရပ်တည်ခဲ့ကြတဲ့ အရှေ့အလယ်ပိုင်း ဆော်ဒီနဲ့ ယူအေအီးက ရုရှားနဲ့ ပိုနီးစပ် သွားခဲ့ပါပြီ။ အိန္ဒိယလည်း ထို့အတူပါပဲ။ ထိုင်ဝမ်အရေးကြောင့် တရုတ်ဟာ အမေရိကန်နဲ့ ပိုတင်းမာသွားပြီး ရုရှားနဲ့ ပိုနီးစပ်သွားပါပြီ။ ယခုလို မိမိပြိုင်ဘက် တွေ ခိုင်မြဲလက်တွဲသွားခြင်းဟာ အမေရိကန်အတွက် မကောင်းဘူးလို့ သူကိုယ်တိုင် ယူဆပြီးလည်းဖြစ်ပါတယ်။ 

သို့ပေမယ့် တချို့မလိုလားအပ်တဲ့ နိုင်ငံရေးစတန့်တွေကြောင့် ယုံကြည်အားကိုးမှု လျော့လာကြတယ်၊ အဆိုးဆုံးက ဒီမိုကရေစီအပေါ် တန်ဖိုးထားမှု ယုတ်လျော့လာပြီး မတည်ငြိမ်မှုတွေများလာတယ် ဆိုတဲ့အချက်တွေကိုတော့ သူကိုယ်တိုင် သဘောပေါက်ပုံ မရသေးပါဘူး။ ဒါဟာ အနာဂတ်ကမ္ဘာကြီးအတွက် မကောင်းတဲ့အလားအလာပါ။ တာဝန်ယူ တာဝန်ခံမှုမရှိသေးသရွေ့ ဒီလိုသက်ရောက်မှုတွေကနေ ဆင်းရဲတဲ့နိုင်ငံတွေရော ချမ်းသာ တဲ့နိုင်ငံတွေပါ မလွတ်နိုင်သေးဘူးဆိုတာ အမြဲသုံးသပ်နေရမှာဖြစ်ပါတယ်။ 

တစ်နိုင်ငံတည်းရဲ့အတ္တကြောင့်ဆိုတာ မြင်လာကြပြီ 

အမေရိကန်ရဲ့ ဩဇာကျဆင်းနေပြီလို့ ယခင်အင်္ဂလန်ဝန်ကြီးချုပ်ဟောင်းတစ်ယောက်က လန်ဒန်ဖိုရမ်တစ်ခုမှာ ဝန်ခံပြောကြားခဲ့တဲ့ အချက်ကိုလည်း သတိထားမိပါရဲ့။ ဒီအချက်ဟာ အမှန် ထင်ရှားလာနေတဲ့အချက်ပါ၊ နိုင်ငံရေး ဘက်မှာရော စီးပွားရေးမှာပါဖြစ်ပါတယ်။

နိုင်ငံရေးအရတော့ အာဖဂန်ပြည်တွင်း စစ်၊ ဆီးရီးယားစစ်ပွဲတွေမှာ အမေရိကန်တို့ အရေးမသာခဲ့မှုက ဩဇာကျဆင်းမှုကို မီးမောင်းထိုးပြနေသလို ယခုဖြစ် ပွားဆဲ ယူကရိန်းစစ်မှာကော အမေရိကန်နဲ့ NATO ရဲ့ ဂုဏ်သိက္ခာဟာ ပိုပြီးကျဆင်း လာသလိုဖြစ်နေပါတယ်။ 

ယူကရိန်းစစ်ဟာ အမေရိကန်တို့ ဖန်တီးလို့ဖြစ်ရတယ်၊ အမေရိကန်တို့ရဲ့ တစ်ကိုယ်ကောင်းဆန်မှုကြောင့် စစ်ပွဲဟာ မပြီးနိုင် မစီးနိုင် ဖြစ်နေတယ်၊ အမေရိကန်တို့ အတ္တကြောင့် ယူကရိန်း နိုင်ငံပျက်စီးပြီး ပြည်သူတွေဒုက္ခဆင်းရဲ ရောက်ကြရတယ်ဆိုတာ ကမ္ဘာ့ပြည်သူတွေ သိသထက် သိလာနေကြပြီဖြစ်တယ်။ ယူကရိန်းစစ်ရဲ့ ရလဒ်ကို EU ပြည်သူတွေခံစားနေရပုံက ဘယ်ခေတ် ဘယ်ကာလနဲ့မှ မတူအောင် ဖြစ်နေရတယ်၊ အမေရိကန်နောက် လိုက်မိလို့ အမှောင်ထဲမှာ အေးခဲပြီး ဒုက္ခဆိုးတွေ ခံစားကြရမယ့် ဥရောပပြည်သူတွေရဲ့ မကျေနပ်ချက်တွေကို ဟန်ဂေရီနိုင်ငံက EU ထံက ခွဲထွက်မယ်ဆိုတဲ့ သာဓက တစ်ခုကသက်သေပြနေပါတယ်။ 

အားကိုးတကြီးစောင့်ကြည့်ရမည့် ဗဟုဝင်ရိုးစုံ 

စီးပွားရေး မျက်နှာစာမှာလည်း ထိုနည်းအတိုင်းပါပဲ။ နိုင်ငံတကာငွေကြေး ဈေးကွက်မှာ ဒေါ်လာရဲ့ဩဇာလွှမ်းမိုးမှုကို လျှော့ချဖို့ကြိုးစားလာကြပြီဖြစ်ပါတယ်။ ရုရှားရူဘယ်လ်၊ တရုတ်ယွမ်၊ အိန္ဒိယရူပီးတို့ အချင်းချင်းဖလှယ်ကြမယ့် အစီအစဉ်ဟာ ခရီးရောက်လာနေပြီ ဖြစ်ပါတယ်။

ဒေါ်လာအနိုင်ကျင့်မှုဆိုတဲ့ သုံးသပ်ချက်နဲ့အတူ ဒီလိုကြားခံငွေကြေး အပြောင်းအလဲကို EEF ဖိုရမ်မှာ ကတိပြု ပြောကြားခဲ့ကြမှုတွေကိုလည်း ကြားသိခဲ့ကြပြီး ဖြစ်ပါတယ်။
 
ယနေ့ကမ္ဘာကြီးကို ကြည့်လိုက်တဲ့အခါမှာ လောဘကြီး တစ်ကိုယ်ကောင်း ဆန်လွန်းပြီး ဗိုလ်ကျစိုးမိုးနေတဲ့ ခေတ်သစ် ကိုလိုနီနယ်ချဲ့စနစ်တွေဟာ မနှေးအမြန် နိဂုံးချုပ်တော့မလား မြင်ယောင်နေမိပါတယ်။ ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးပြဿနာများစွာနဲ့အတူ မဟာမိတ်အသစ်၊ ကစားပွဲအသစ် အသစ်တွေနဲ့ အခင်းအကျင်းအသစ် အသစ်တွေလည်း ထွက်ပေါ်လာနေဦး မှာဖြစ်ပါတယ်၊၊ 

တချို့က ရေတိုမဟာမိတ်၊ တချို့က ရေရှည်မဟာမိတ် ဖြစ်ကောင်းဖြစ်ပါမယ်။ အင်အားပြ ပါဝါကိုင်ပြီး ကိုယ့်အရည်အသွေးကို ကိုယ်အလုအယက်ပြနေကြ ဦးမှာဖြစ်ပါတယ်။ မိမိဩဇာလွှမ်းဖို့ မလျော်ဩဇာသုံးကြဦးမှာပါပဲ။ စစ်တစ်ခု ကိုဖန်တီးပြီး အခြားစစ်တစ်ခုဖြစ်ပေါ် အောင် မီးမွှေးခြင်းရဲ့ အမှားတွေက မိမိရဲ့ မဟာမိတ်တွေကို အကွဲကွဲအပြားပြား ဖြစ်သွားစေတဲ့အထိ၊ စီးပွားရေးသွက်ချာ ပါဒကနေ ဖရိုဖရဲနိုင်ငံရေး အပြိုအပျက်တွေကို ဘယ်လိုဘယ်ပုံအချိန်မီကုစားကြမလဲ၊ ဝင်ရိုးတန်းအသစ်အသစ်တွေရဲ့ စုစည်းညီညွတ်စွာနဲ့ ဆောင်ရွက်နိုင်စွမ်းရှိမယ့် မြင်ကွင်းအသစ်တွေကို အားကိုးတကြီးနဲ့ စောင့်ကြည့်နေရုံသာဖြစ်ပါတယ်။ 

အဓိကအချက်က ကျွန်တော်တို့လို ဖွံ့ဖြိုးဆဲနိုင်ငံတွေဟာ အပြိုင်အဆိုင်တွေကြားထဲ အလွန်အကျွံဖြစ်ပြီး ကြားမညှပ်ဖို့ကို ဂရုပြုရပါမယ်။ “နိုင်ငံတကာဆက်ဆံရေးမှာ အမြဲတမ်း ရန်သူ အမြဲတမ်းမိတ်ဆွေဆိုတာ မရှိ၊ ထာဝရအကျိုးစီးပွားသာရှိသည်” ဆိုတဲ့ သဘောတရားနဲ့အတူ စုပေါင်းဦးဆောင်၊ စုပေါင်းပါဝင်၊ စုပေါင်းလှုပ်ရှား၊ တာဝန်ယူ တာဝန်ခံမှုအပြည့်၊ ဘက်မလိုက်ဘဲ မျှမျှတတနဲ့ ပါဝင်ဖွဲ့စည်းထားကြတဲ့ Multilateralism သဘောပါတဲ့ အဖွဲ့အစည်းတွေဟာ ပိုပြီးယုံကြည် စိတ်ချအားကိုးရမယ်လို့ ယူဆမိပါတယ်။ 

ဒါပေမဲ့ ကျွန်တော်တို့ နိုင်ငံခေါင်းဆောင်တွေဟာ အမြော်အမြင် ကြီးမားပြီး ရည်မှန်းချက်လည်းကြီး၊ ဆင်ခြင်တုံတရားနဲ့လည်း ပြည့်ဝကြပါတယ်။ လက်ရှိအခြေအနေအရ ကမ္ဘာ့စစ်ပွဲကြီးတစ်ခုခုဟာ ဘယ်နိုင်ငံ ဘယ်ဒေသတစ်ခုကမဆို အချိန်မရွေး ပေါ်ပေါက်လာနိုင်ပါတယ်။ အမျိုးသားစီးပွား အဓိကထားတဲ့နိုင်ငံတွေအကြား ရင်းရင်းနှီးနှီးနဲ့ ဆက်ဆံရေးကောင်းများ တိုးချဲ့တည်ဆောက်ထားနိုင်မှသာ စိန်ခေါ်မှုတွေ၊ ခြိမ်းခြောက်မှုတွေကို ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။ 

လွန်ဆွဲပွဲတွေကြားထဲ မျှတအောင် နေထိုင်ရင်း ကျွန်တော်တို့ နိုင်ငံခေါင်းဆောင်တွေဟာ ကိုယ့်မဟာဗျူဟာ အကျိုးစီးပွားကို မျက်ခြည်ပြတ်မခံဘဲ နိုင်ငံကို တည်ငြိမ်အောင်နဲ့ ပြည် ထောင်စုကြီး မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးစတဲ့ ဒို့တာဝန အရေးသုံးပါးကိုလည်း ကြိုးပမ်းတည်ဆောက်နေကြပါတယ်။ 

စီးပွားရေးကို ထိခိုက်မှုနည်းအောင်လုပ်ပြီး စီးပွားရေးအလျင်အမြန် နာလန်ထူရေး၊ နိုင်ငံတကာဆက်ဆံရေးကောင်းအောင်နဲ့ ကမ္ဘာကြီးတည်ငြိမ် အေးချမ်းရေးအတွက်ပါ အပေါင်းလက္ခဏာဆောင်တဲ့ မိတ်ဖက်နိုင်ငံတွေနဲ့အတူ အမြော်အမြင်ရှိရှိ၊ အရည်အသွေး ပြည့်ပြည့်ဝဝနဲ့ ကြိုးပမ်းအားထုတ်နေကြတဲ့ သာဓကတွေကို EEF နဲ့ SCO အခင်းအကျင်းတွေကတစ်ဆင့် ထင်ထင်ရှားရှားမြင်တွေ့နေရပါကြောင်း ရေးသား လိုက်ရပါတယ်။ ။