ကမ္ဘာကြီးပူနွေးမှုလျော့ကျရေး ကြိုးပမ်း

ဤကမ္ဘာမြေသည် သက်ရှိသတ္တဝါများ ရှင်သန်ရပ်တည်နေထိုင်နိုင်ရန်အတွက် သဘာဝကဖန်တီးပေးထားသော နေရာဖြစ်၏။ ရေထု၊ မြေထု၊ လေထုတို့ အချိုးညီမျှတစွာဖြင့် လူသတ္တဝါများ အသက်ရှင်သန်နိုင်အောင်ဖွဲ့စည်းထား၏။ ဖြစ်ဖြစ်သမျှအရာဝတ္ထုအစုစုတို့သည့် ဧကန်မုချပျက်ရမည့်အနိစ္စသဘောဖြစ်သော်လည်း အချိန်မတန်မီမပျက်စီးရေး၊ အချိန်ကြာကြာ ရပ်တည်ရေးအတွက် ဤကမ္ဘာမြေကို ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ယခုအခါ ကမ္ဘာလောကကြီးသည် လွန်ခဲ့သည့်နှစ်များနှင့်မတူ ပိုမိုလွန်ကဲပူနွေးလာသည်ကို ခံစားကြုံတွေ့နေသည်။ လာမည့်နှစ်များတွင်ယခုထက် ပိုမိုမလွန်ကဲလာစေရန် လူသားအားလုံး အသိတရားဖြင့် ဆင်ခြင်ကြရမည် ဖြစ်သည်။ ဤကမ္ဘာကြီးကို လူသားတို့ပင် အလျင်အမြန်ဖျက်ဆီး နေကြခြင်းဖြစ်သည်။ စက်မှု၊ သိပ္ပံနှင့် နည်းပညာ အလျင်အမြန်တိုးတက်ထွန်းကားလာခြင်းနှင့်အတူ ကမ္ဘာကြီးကိုပျက်စီးစေသော အကြောင်းများ လည်း မြန်မြန်ဖြစ်ပေါ်လာပေသည်။

ယခုအခါ လေထုတွင် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့များ ပိုများလာ သဖြင့် ကမ္ဘာကြီးပိုမိုပူပြင်းလာခြင်းဖြစ်သည်။ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့သည် ကမ္ဘာကြီးပိုမိုပူပြင်းစေသည့် ကနဦးလက်သည်ဖြစ်သည်။ စက်မှုကုန်ထုတ်လုပ်ငန်းများ၊ တစ်နေ့တခြား တိုးပွားများပြားနေသော မော်တော်ယာဉ်များမှ ထွက်ပေါ်လာသည့် ဓာတ်ငွေ့များမှာ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့များဖြစ်ပြီး ယင်းဓာတ်ငွေ့များ လေထုထဲတွင်ပိုများ လာသောကြောင့် လေထုညစ်ညမ်းမှုများ၊ အပူချိန်လွန်ကဲမှုများ ဖြစ်လာရသည်။

ထို့အပြင် အလွန်ပူပြင်းသော နေရောင်ခြည်ကို ဤကမ္ဘာမြေနှင့်တိုက်ရိုက်မထိတွေ့စေရန်အတွက် ဖန်လုံအိမ်အလွှာထုဖြင့် လွှမ်းပတ်ခြုံကာ အကာအကွယ်ပေးထားသည်။ ယင်းကို လူသတ္တဝါတို့ကပင် ဖျက်ဆီး ခဲ့ကြသည်။ လူသတ္တဝါတို့အသုံးပြုမှုမှ ပေါ်ထွက်လာသော ဓာတ်ငွေ့အမျိုးမျိုးတို့ကြောင့် ကမ္ဘာကြီးကို ကာကွယ်ပေးထားသော အိုဇုန်းလွှာ ပေါက်ပြဲလာပြီး ခရမ်းလွန်ရောင်ခြည်များ ထိုးဖောက်ဝင်ရောက်ကာ လူသတ္တဝါများနှင့် ကမ္ဘာမြေထိခိုက်ပျက်စီးခြင်းဖြစ်ရသည်။

နွေရာသီကာလတွင် အပူချိန်ပြင်းထန်လွန်းသောကြောင့် လည်းကောင်း၊ လူတို့က တောင်ယာအတွက်ဖြစ်စေ၊ ထင်း၊ မီးသွေးအတွက်ဖြစ်စေ တောမီးရှို့သောကြောင့်လည်းကောင်း တောတောင်များတွင် တောမီးများ လောင်ကျွမ်းနေသည်ကို မြင်တွေ့ဖူးမည်ဖြစ်သည်။ တောမီးများ ပိုမိုလောင်သည်နှင့် ကမ္ဘာကြီးပိုမိုပူပြင်းလာပြီး လူ၊ သတ္တဝါနှင့်အပင်များ ပျက်စီး ထိခိုက်ခြင်း ဖြစ်ရသည်။

ကမ္ဘာကြီးပူနွေးလာခြင်းကြောင့် ရာသီဥတုပြောင်းလဲခြင်း ဖြစ်လာ သည်။ အချိန်ရာ သီအလိုက်ဖြစ်ပေါ်သည့် နွေ၊ မိုး၊ ဆောင်း ဥတုသုံးပါး ပျက်စီးလာသည်။ မိုးခေါင်ခြင်း၊ ရေကြီးခြင်း၊ အပူချိန်ပြင်းထန်ခြင်း၊ လေပြင်း မုန်တိုင်းတိုက်ခတ်ခြင်းတို့နှင့် ကြုံတွေ့နေရပြီး ပင်လယ်ရေမျက်နှာပြင်မြင့်တက်ခြင်း၊ ရေချိုမြစ်များအတွင်း ရေငန်များဝင်ရောက်လာခြင်း၊ သီးနှံများပျက်စီးခြင်း၊ အထွက်နှုန်းလျော့ကျခြင်း၊ အချို့သတ္တဝါမျိုးစိတ်များ မျိုးသုဉ်းပျောက်ကွယ်သွားခြင်း၊ ကပ်ရောဂါများ အလျင်အမြန်ဖြစ်ပွားခြင်း စသည့် ဘေးဒုက္ခအမျိုးမျိုးတို့နှင့် ကြုံတွေ့ရမည်ဖြစ်သည်။

ထို့ကြောင့် ကမ္ဘာကြီး အလျင်အမြန်ပူပြင်းလာမှုကို လျော့ကျစေနိုင်မည့် နည်းလမ်းများအား ကမ္ဘာလူသားများအားလုံးက အလျင်အမြန်အဖြေရှာ ဆောင်ရွက်ကြရမည်ဖြစ်သည်။ ဥပမာအားဖြင့် မော်တော်ယာဉ်အသုံးပြုမှုများကို လျှော့ချပြီး ကျန်းမာရေးနှင့်လည်း ညီညွတ်သည့်၊ လေထုညစ်ညမ်းမှုလည်း မဖြစ်သည့် စက်ဘီးစီးခြင်း၊ ခေတ်ပေါ်အသုံး အဆောင်ပစ္စည်းများ အသုံးပြုမှုလျှော့ချခြင်းတို့ ဆောင်ရွက်သင့်သည်။ နိုင်ငံ အစိုးရများကလည်း နည်းလမ်းစည်းကမ်းဖြင့်၊ ကမ္ဘာလူသားတိုင်းက လည်း အသိတရားဖြင့် ကမ္ဘာကြီးပူပြင်းမှု လျော့ကျလာအောင် ဝိုင်းဝန်း ကြိုးပမ်းကြရမည် ဖြစ်သည်။ ကြေးမုံ