ကမ္ဘာကြီးမှာ ထိခိုက်ခံစားနေရတာတွေအတွက် မျက်ရည်ကျမိကြောင်းအန်ဂျလီနာဂျိုလီ ဖွင့်ဟ

၁၆  ဧပြီ

ကျော်ကြားတဲ့ ဟောလိဝုဒ်မင်းသမီးတစ်ဦးဖြစ်သူ အန်ဂျလီနာဂျိုလီဟာ ကမ္ဘာတစ်ဝန်း လတ်တလော ဖြစ်ပွားလျက်ရှိတဲ့ ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်၊ ကာကွယ်၊ တိုက်ဖျက်ရေးလုပ်ငန်းတွေမှာ ပါဝင်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။ လတ်တလောမှာ မင်းသမီးက သူဟာ ကမ္ဘာကြီးမှာ ဖြစ်ပွားလျက်ရှိတဲ့ ထိခိုက်ခံစားနေရတာတွေကို တွေ့မြင်ရတဲ့အခါတိုင်း ငိုကြွေးမိကြောင်း ဖွင့်ဟလာတယ်လို့ ဟောလိဝုဒ်လိုက်ဖ်ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

အန်ဂျလီနာဂျိုလီဟာ ကယ်လီဖိုးနီးယားမှာ တာဝန်ထမ်းဆောင်နေတဲ့ အထွေထွေခွဲစိတ်ဆရာဝန် ဒေါက်တာ နာဒိုင်းဘရုဟဲရစ်နဲ့ လတ်တလောမှာ အင်တာဗျူးတစ်ခုပြုလုပ်ခဲ့ပြီး အဆိုပါ အင်တာဗျူးကို တိုင်းမ်မဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ အန်ဂျလီနာဂျိုလီရဲ့ အင်တာဗျူးမှာ ထည့်သွင်းဖော်ပြခဲ့တယ်လို့ သိရပါတယ်။ ။

အန်ဂျလီနာဂျိုလီက ဒေါက်တာ နာဒိုင်းဘရုဟဲရစ်နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် ကလေးငယ်တွေ အပေါ်သက်ရောက်မှုနဲ့ ခံစားနေရတဲ့ ဝေဒနာတွေကို ဆွေးနွေးခဲ့ပါတယ်။ ဒီလိုဆွေးနွေးရာမှာ အန်ဂျလီနာဂျိုလီက ကမ္ဘာကြီးမှာ ထိခိုက်ခံစားနေရတာတွေကို ကြားရတဲ့အချိန်၊ မြင်ရတဲ့အချိန်တွေမှာ သူ့အနေနဲ့ အတော်လေး စိတ်မကောင်းဖြစ်ကာ မျက်ရည်ကျရကြောင်း ဖွင့်ဟပြောကြားခဲ့ တာ ဖြစ်ပါတယ်။

အသက် ၄၄ နှစ်အရွယ်အန်ဂျလီနာဂျိုလီက သူ့ရဲ့ စိတ်ခံစားချက်တွေကို လုပ်ဆောင်မှုတွေအဖြစ် ပြောင်းလဲခဲ့ကြောင်း၊ သူ့လိုခံစားနေရတဲ့ အမျိုးသမီးတွေကိုလည်း ခံစားချက်တွေကို လုပ်ဆောင်မှုတွေအဖြစ် ပြောင်းလဲဖို့ လိုအပ်ကြောင်းတိုက်တွန်းခဲ့ကာ သူ့အတွက်တော့ ဒီလိုလုပ်ဆောင်နိုင်တဲ့ အခွင့်အရေးရခဲ့တာကြောင့် ကံကောင်းတယ်လို့ ခံစားရကြောင်းလည်း ဆိုပါတယ်။ ။

အန်ဂျလီနာဂျိုလီဟာ ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးနဲ့ ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေအတွက် ပြီးခဲ့တဲ့ လအတွင်းက အမေရိကန် ဒေါ်လာတစ်သန်း လှူဒါန်းခဲ့ပါတယ်။ သူ့ရဲ့ အလှူငွေတွေကို ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေစဉ်ကာလအတွင်း ဆင်းရဲတဲ့မိသားစုနဲ့ ဝင်ငွေနည်းပါးတဲ့ မိသားစုတွေက ကလေးငယ်တွေအတွက် အစားအစာတွေ ပေးဝေဖို့ရန် အသုံးပြုသွားမှာဖြစ်ကြောင်းလည်း သိရပါတယ်။ ဒီလိုလှူဒါန်းရတာဟာ အမေရိကန်မှာရှိတဲ့ ကလေးငယ်တွေရဲ့ ဆာလောင်မှုကို ရပ်တန့်စေဖို့လည်းဖြစ်တယ်လို့ သိရပါတယ်။

အေးပြည့်