ကမ္ဘာ့ခေါင်းဆောင်တွေက အမေရိကန် ကွန်ဂရက်လွှတ်တော်မှာ ဖြစ်ပျက်ခဲ့တဲ့ အကြမ်းဖက်မှုကို ရှုတ်ချ

၇ ဇန်နဝါရီ

ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ အစိုးရတွေက ဝါရှင်တန်ရှိ အမေရိကန် လွှတ်တော်မှာ ဗုဒ္ဓဟူးနေ့က ဖြစ်ပျက်ခဲ့တဲ့ အကြမ်းဖက်မှုဟာ ဒီမိုကရေစီကို စော်ကားတာဖြစ်တဲ့အတွက် ရှုတ်ချကြပါတယ်။

 

-ဗြိတိန်-

ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က အမေရိကန် ကွန်ဂရက် အဆောက်အအုံက အဖြစ်ပျက်ဟာ စိတ်ပျက်စရာကောင်းကြောင်း၊ အမေရိကန်ဟာ ကမ္ဘာတစ်ဝန်းမှာ ဒီမိုကရေစီဖြစ်ထွန်းရေးအတွက် ထောက်ခံတဲ့ နိုင်ငံဖြစ်ကြောင်း၊ အခုချိန်ဟာ အာဏာကို ငြိမ်းချမ်းစွာ အစီစဉ်တကျ လွှဲပြောင်းပေးရေးမှာ အရေးကြီးကြောင်း တွစ်တာမှာ ရေးသားထားပါတယ်။

 

-ဉရောပသမဂ္ဂ-

ဉရောပသမဂ္ဂ ရဲ့ နိုင်ငံခြားရေးဝန်ကြီးက အမေရိကန် ဒီမိုကရေစီကို စော်ကားလိုက်တာဖြစ်ကြောင်း၊ ဒီညမှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကြောင့် အမေရိကန်ဒီမိုကရေစီဟာ တိုက်ခိုက်ခံလိုက်ရတယ်လို့ ကမ္ဘာ့အမြင်မှာ ရှိသွားကြောင်း၊ နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲရလဒ်ကို လေးစားဖို့ လိုအပ်ကြောင်း ပြောကြားပါတယ်။

 

-ပြင်သစ်-သမ္မတ အီမန်နျူရယ် မက်ခရွန် က ဒီကနေ့ ဝါရှင်တန်မှာ ဖြစ်ခဲ့တဲ့အရာဟာ အမေရိကန် မဟုတ်ကြောင်း၊ ဒီမိုကရေစီကို မေးခွန်းထုတ်ချင်နေတဲ့ လူနည်းစုရဲ့ အကြမ်းဖက်မှုကို လုပ်ဆောင်ခွင့် ပေးမှာ မဟုတ်ကြောင်း တွစ်တာမှာ ဗီဒီယိုကနေ တစ်ဆင့် ပြောကြားပါတယ်။

 

-ဂျာမနီ-

နိုင်ငံခြားရေးဝန်ကြီးက ထရမ့်ထောက်ခံသူတွေကို ဒီမိုကရေစီကို ဖျက်ဆီးနေတာ ရပ်ဆိုင်းရန်၊ ထရမ့် နဲ့ ထောက်ခံသူတွေဟာ အမေရိကန်မဲဆန္ဒရှင်တွေရဲ့ ဆုံးဖြတ်ချက် လက်ခံရန်၊ ဒီမိုကရေစီရဲ့ ရန်သူတွေက အခုလို အခြေအနေကို တွေ့ရတာ ကျေနပ်နေနိုင်ကြောင်း တွစ်တာမှာ ရေးသားထားပါတယ်။

-ကနေဒါ-

ဝန်ကြီးချုပ် ဂျက်စတင် ထရူဒိုး က အမေရိကန် ကွန်ဂရက်လွှတ်တော်မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ဟာ ဒီမိုကရေစီကို တိုက်ခိုက်လိုက်တာသာဖြစ်ကြောင်း၊ အိမ်နီးချင်းနိုင်ငံမှာ ဖြစ်ပျက်ခဲ့ ဒီမိုက်ကရေစီကို တိုက်ခိုက်မှုကို ကနေဒါနိုင်ငံသားတွေက ဝမ်းနည်းကြောင်း ပြောကြားပါတယ်။ 

 

-ဩစတြေးလျား-

ဝန်ကြီးချုပ် စကော့ မော်ရစ်ဆင် က အမေရိကန်မှာ ဖြစ်ပျက်ခဲ့ အခြေအနေဟာ စိတ်ပျက်စရာကောင်းကြောင်း၊ အကြမ်းဖက်မှုကို ရှုတ်ချကြောင်းနဲ့၊ ဒီမိုကရေစီနည်းအတိုင်း ရွေးချယ်ခံရတဲ့ အစိုးရကို ငြိမ်းချမ်းစွာ အာဏာလွဲပြောင်းရေးကို မျှော်လင့် နေကြောင်း တွစ်တာမှာ ရေးသားထားပါတယ်။

 

-နယူးဇီလန်-

ဝန်ကြီးချုပ် ဂျက်စင်ဒါ အာဒန် က ဒီမိုကရေစီဆိုတာ လူတွေက မဲပေးခွင့်ရှိကြောင်း။ လူထုရဲ့အသံတွေ နားထောင်ရကြောင်း၊  လူထုရဲ့ ဆုံးဖြတ်ချက်အတိုင်း ငြိမ်းချမ်းစွာ လုပ်ကိုင်ရကြောင်း၊  လူအုပ်စုကြီးတစ်စုအောက်ကနေ လုပ်ဆောင်လို့မရကြောင်း၊ ဒီနေ့အဖြစ်အပျက်ဟာ မှားယွင်းကြောင်း တွစ်တာမှာ ရေးသားထားပါတယ်။

 

 

-နေတိုး-

နေတိုးအဖွဲ့အကြီးအကဲက အမေရိကန်နိုင်ငံဝါရှင်တန်မှာ ဖြစ်ပျက်ခဲ့တာကိုမြင်ရတာဟာ သွေးပျက်စရာကောင်းတဲ့ အခြေအနေဖြစ်ကြောင်းနဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲရလဒ်ကို လေးစားရမှာဖြစ်ကြောင်း ရေးသားထားပါတယ်။

 

အလားတူ နယ်သာလန် ဝန်ကြီးချုပ်၊ အိုင်ယာလန်ဝန်ကြီးချုပ်၊ အိန္ဒိယဝန်ကြီးချုပ်၊ ဂရိဝန်ကြီးချုပ်၊ တူရကီနိုင်ငံခြားရေးဝန်ကြီး၊ ဩစတြီးယား ဝန်ကြီးချုပ်၊ ချက်နိုင်ငံခြားရေးဝန်ကြီး၊ ဒိန်းမတ်ဝန်ကြီးချုပ်၊ စပိန်သမ္မတ၊ စလိုဗေးနီးယား ဝန်ကြီးချုပ်၊ ဖီဂျီဝန်ကြီးချုပ်တို့က ဝါရှင်တန်က အမေရိကန် ကွန်ဂရက်လွှတ်တော်အဆောက်အအုံအား တိုက်ခိုက်မှုကို ရှုတ်ချကြကြောင်း သိရပါတယ်။

 

MDN

ကိုးကား - AFP