ကမ္ဘာ့ကျောင်းဆရာဆု(၂၀၂၀) ကို အိန္ဒိယနိုင်ငံက ကျောင်းဆရာ ရရှိ

၄ ဒီဇင်ဘာ

 

အိန္ဒိယနိုင်ငံမှ ကျောင်းဆရာ ရန်ဂျစ်ဆင်း ဒိုင်ဆေးက ၂၀၂၀ ခုနှစ်အတွက် ပေးအပ်တဲ့ ကမ္ဘာ့ကျောင်း ဆရာဆု(Global Teacher Prize) ကို ရရှိကြောင်း ကြသပတေးနေ့က ကြေညာလိုက်တာ ဖြစ်ပါတယ်။

 

နိုင်ငံပေါင်း ၁၄၀ ကျော်မှာ ဆုရရှိရေးအတွက် အမည်စာရင်းတင်သွင်းခံရသူ ၁၂,၀၀၀ ဦးထဲကနေ ဆရာ ဒိုင်ဆေးက ရရှိသွားတာဖြစ်ပါတယ်။ အဲဒီဆုပေးပွဲကို  လန်ဒန်မြို့ရှိ Natural History ပြတိုက်မှာ ဗီဒီယို ကနေ မနေ့က ကျင်းပခဲ့တာဖြစ်ပါတယ်။

 

ဆုကြေးငွေဟာ အမေရိကန် ဒေါ်လာ ၁ သန်းဖြစ်ပါတယ်။ ကျောင်းဆရာ ဒိုင်ဆေးဟာ တောရွာတစ်ရွာမှ မိန်းကလေးငယ်တွေရဲ့ ဘဝအပြောင်းအလဲဖြစ်အောင် လုပ်ပေးခဲ့အတွက် ဆုချီးမြှင့်ပေးအပ်တာလို့ ဆိုပါ တယ်။

 

ဆရာဒိုင်ဆေးက သူနဲ့အတူ နောက်ဆုံးအဆင့် ရောက်ရှိလာသူ တခြားနိုင်ငံတွေမှာ ကျောင်းဆရာ ကိုးဦးအား သူ့ဆုငွေထဲမှ ဒေါ်လာ ၅၅,၀၀၀ ကို ခွဲပေးသွားမယ်လို့ ဆိုပါတယ်။ နောက်ဆုံးအဆင့် ဆန်ခါတင် ကျောင်းဆရာ ၁၀ ဦးထဲမှာ အီတလီ၊ ဘရာဇီး၊ ဗီယက်နမ်၊ ဗြိတိန်၊ တောင်ကိုရီးယား၊ အမေရိကန်၊ တောင်အာဖရိက၊ နိုင်ဂျီးရီးယား နဲ့ မလေးရှားနိုင်ငံက ကျောင်းဆရာတွေ ပါဝင်ကြောင်း သိရပါတယ်။

 

ကျောင်းဆရာ ဒိုင်ဆေးဟာ အိန္ဒိယနိုင်ငံ မြောက်ပိုင်းရှိ မဟာရတ်ရှ်တာပြည်နယ်ရှိ ကျေးရွာလေး တစ်ရွာမှ ဇီလာပရီရှတ် မူလတန်းကျောင်းကို ၂၀၀၉ ခုနှစ်ကတည်း ရောက်ရှိခဲ့ပါတယ်။ ဆရာဒိုင်ဆေး ရောက်ရှိစဉ် ကျေးရွာနေ လူမှုအသိုင်းအဝိုင်းရှိ ကလေးငယ် ၂ ရာခိုင်နှုန်းသာ ကျောင်းမှာ ပညာသင်ကြား ခဲ့ရာမှ ပညာသင်ကြားသူ ၁၀၀ ရာခိုင်နှုန်း ဖြစ်လာအောင် စွမ်းဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

 

ကျောင်းဆရာ ဒိုင်ဆေးဟာ UNESCO ကနေ ချီးမြှင့်တဲ့ ကမ္ဘာ့ကျောင်းဆရာဆု  (Global Teacher Prize) ရရှိသူ ခြောက်ဦးမြောက် ဖြစ်လာကြောင်း သိရပါတယ်။

 

MDN

ကိုးကား - AFP