ကမ္ဘာ့စားနပ်ရိက္ခာနှင့် ကုန်ဈေးနှုန်းများ ကျဆင်းနေသည့်တိုင် အမြင့်ဆုံးအဖြစ် ဆက်လက်ရှိနေဆဲ ဈေးနှုန်းများ

 

ထွန်းကျော်

 

ဝယ်လိုအားလျော့နည်းမှုနဲ့ ထုတ်လုပ်မှု မြင့်မားခြင်းက အဆင့်မြင့်စွမ်းအင်နဲ့ သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်တွေအပေါ် ဟန်ချက်ညီအောင် လုပ်ဆောင်ပေးလိုက်တဲ့အတွက် ကမ္ဘာ့စားနပ်ရိက္ခာ ဈေးနှုန်းများဟာ စက်တင်ဘာလအထိ ခြောက်လဆက်တိုက် အနည်းငယ်ကျဆင်းလာတယ်လို့ ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ (အက်ဖ်အေအို)က မကြာသေးမီက ထုတ်ပြန်လိုက်ပါတယ်။

 

ခြောက်လဆက်တိုက် အနည်းငယ်ပြန်ကျ

 

လစဉ် အက်ဖ်အေအိုရဲ့စားနပ်ရိက္ခာအညွှန်းကိန်းဟာ ပျမ်းမျှအားဖြင့် ၁၃၆.၃ ပွိုင့်ရှိပါတယ်။ ဒါဟာ သြဂုတ်လနဲ့ နှိုင်းယှဉ်ကြည့်ရင် ၁ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းခဲ့တာဖြစ်ပါတယ်။ စားနပ်ရိက္ခာအညွှန်းကိန်းဟာ မတ်လမှာ အမြင့်ဆုံးအထိ ရောက်ရှိခဲ့ပြီးနောက်မှာ ခြောက်လဆက်တိုက် အနည်းငယ် ပြန်လည်ကျဆင်းလာခဲ့တာ ဖြစ်ပါတယ်။

 

ကမ္ဘာ့စားနပ်ရိက္ခာ ဈေးနှုန်းကျဆင်းလာခဲ့တယ် ဆိုသော်လည်း ယခုနှစ်အစနဲ့ယှဉ်လိုက်ရင် အများကြီး ကွာဟနေသေးတာကို တွေ့ရပါတယ်။ စားနပ်ရိက္ခာ ဈေးနှုန်းဆက်လက် မြင့်နေသေးတာကိုတွေ့ရပါတယ်။ အမှန်တကယ်ပြောရမယ်ဆိုရင် ၁၉၇၀ ပြည့်လွန်နှစ်များက စပြီး ၂၀၂၂ ခုနှစ် အစောပိုင်းလများအထိ မည်သည့်အချိန်ကို ပြန်ကြည့်ပြန်ကြည့် အခုလက်ရှိ ကမ္ဘာ့စားနပ်ရိက္ခာဈေးနှုန်းဟာ မြင့်မားနေသေးတာကို တွေ့ရမှာဖြစ်ပါတယ်။

 

ဆန်ဈေးနှုန်းအနည်းငယ်ကျဆင်း

 

စပါး၊ ပြောင်း၊ ဂျုံပါဝင်တဲ့အစေ့အဆန်ဈေးနှုန်းတွေရဲ့ ဈေးနှုန်းများဟာ ပင်လယ်နက်ကိုဖြတ်ပြီး မသေချာ မရေရာတဲ့ ဂျုံထောက်ပံ့မှုများနဲ့ ဆက်စပ်နေတဲ့အတွက် ၂ ဒသမ ၂ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပါတယ်။ ဒါ့အပြင် ယူကရိန်းပဋိပက္ခက ကုန်သွယ်ရေး လမ်းကြောင်းအပေါ် များစွာသက်ရောက်မှုရှိစေခဲ့ပါတယ်။

 

အမေရိကန်ပြည်ထောင်စုနဲ့ အာဂျင်တီးနားနိုင်ငံတို့ရဲ့ ရာသီဥတု ခြောက်သွေ့မှုများက အဲဒီနိုင်ငံတွေရဲ့ ထုတ်လုပ်မှုအပေါ် များစွာသက်ရောက်စေခဲ့ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ပို့ကုန်မူဝါဒအပြောင်း အလဲတွေကြောင့် ဆန်ဈေးနှုန်းတွေလည်း အနည်းငယ်ကျဆင်းလာခဲ့ပါတယ်။

 

အနိမ့်ဆုံးကျဆင်း

 

အောက်တိုဘာ ၇ ရက်က ထုတ်ပြန်လိုက်တဲ့ သီးသန့်ထုတ်ပြန်ချက် တစ်ခုမှာ အခုနှစ် ကမ္ဘာ့ဂျုံ၊ နှံစားပြောင်းထုတ်လုပ်မှုဟာ ၂ ဒသမ ၇၆၈ ဘီလီယံတန်ရှိပြီး ၂၀၂၁ ခုနှစ်နဲ့ နှိုင်းယှဉ်ကြည့်ရင်တော့ ၁ ဒသမ ၇ ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။

 

အစေ့အဆန်နဲ့ ဂျုံ၊ ပြောင်းတွေနဲ့ပတ်သက်တဲ့ ဈေးနှုန်းမြင့်တက်လာခြင်းဟာ ဟင်းရွက်ဆီ ဈေးနှုန်းကြီးမားစွာ ကျဆင်းခြင်းနဲ့ ထေမိသွားပါတယ်။ ဟင်းရွက်ဆီဈေးနှုန်းဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ကတည်းက စပြီး ၆ ဒသမ ၆ ရာခိုင်နှုန်းအထိ အနိမ့်ဆုံးကျဆင်းခဲ့ပါတယ်။

 

၂၀ ရာခိုင်နှုန်းကျော် မြင့်နေသေး

 

အရှေ့တောင်အာရှရဲ့ ထုတ်လုပ်မှု မြင့်တက်လာခြင်းကလည်း အခုလို ကျဆင်းခြင်းရဲ့ အကြောင်းရင်း တစ်ခုဖြစ်တယ်လို့ အက်ဖ်အေအို က ပြောကြားထားပါတယ်။

 

နို့ထွက်ပစ္စည်းဈေးနှုန်းတွေလည်း ၀ ဒသမ ၆ ရာခိုင်နှုန်းအထိ ကျဆင်းလာပါတယ်။ သို့သော်လည်း လွန်ခဲ့တဲ့တစ်နှစ်နဲ့ နှိုင်းယှဉ်ရင်တော့ ၂၀ ရာခိုင်နှုန်းကျော် မြင့်နေပါသေးတယ်လို့ အက်ဖ်အေအိုက ပြောပါတယ်။

 

လစဉ်အပြောင်းအလဲရှိ

 

အသားဈေးနှုန်းတွေကလည်း ၀ ဒသမ ၅ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သလို သကြားဈေးနှုန်းတွေလည်း ၀ ဒသမ ၇ ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။

 

အဓိကအားဖြင့် အစားအသောက်ခြောက်မျိုးဖြစ်တဲ့ ဂျုံ၊ ဟင်းသီးဟင်းရွက်၊ ဆီ၊ နို့ထွက်ပစ္စည်း၊ အသားနဲ့ သကြားတွေရဲ့ နိုင်ငံတကာဈေးနှုန်းတွေဟာ လစဉ်အပြောင်းအလဲရှိပါတယ်လို့ ကုလသမဂ္ဂအေဂျင်စီက ပြောပါတယ်။

 

ကမ္ဘာ့စားနပ်ရိက္ခာအပေါ် အများကြီးပြောင်းလဲမှုတွေဖြစ်စေ

 

စားနပ်ရိက္ခာ ဈေးနှုန်းတွေ မြင့်တက်နေရာကနေ ကျဆင်းသွားတဲ့အပေါ် ကြိုဆိုပါတယ်လို့ အက်ဖ်အေအိုရဲ့ စီးပွားရေးအရာရှိချုပ် မက်ဆီမို တိုရီရိုက ပြောကြားလိုက်ပါတယ်။

 

သို့သော်လည်း မသေချာမှုတွေ အမြောက်အမြား ရှိသေးတယ်။ ဓာတ်မြေသြဇာ ဈေးနှုန်းမြင့်တက်မှုတွေက အနာဂတ်ထုတ်လုပ်နိုင်မှုအလားအလာနဲ့ တောင်သူလယ်သမားတွေရဲ့ ဘဝအပေါ် ရိုက်ခတ်မှုရှိလာနိုင်တယ်။ အခြေအနေထင်သလောက်မကောင်းနိုင် သေးတဲ့ ကမ္ဘာ့စီးပွားရေးအလားအလာ၊ ငွေကြေးဈေးကွက်အပြောင်း အလဲတွေက ကမ္ဘာ့စားနပ်ရိက္ခာအပေါ် အများကြီးပြောင်းလဲမှုတွေ ဖြစ်စေနိုင်တယ်လို့သူက ဆက်ပြောထားပါတယ်။

 

ဇူလိုင်လမှာ အက်ဖ်အေအိုရဲ့ ဟင်းသီးဟင်းရွက်အညွှန်းကိန်းဟာ ဇွန်လနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ၁၉ ဒသမ ၂ ရာခိုင်နှုန်းလောက် ကျဆင်းလာခဲ့ပါတယ်။ ဒါဟာ ၁၀ လ အတွင်း အနိမ့်ဆုံးဖြစ်ခဲ့ပါတယ်။

 

အကျဘက်ကိုဦးတည်နေ

 

ဆီအမျိုးအစားအားလုံးအတွက် နိုင်ငံတကာဈေးနှုန်းတွေလည်း ကျဆင်းခဲ့တယ်လို့ အက်ဖ်အေအိုက ပြောပါတယ်။ ထို့အတူ နေကြာဆီ ဈေးနှုန်းလည်း ကျဆင်းခဲ့ပါတယ်။ ရေနံစိမ်းဈေးနှုန်းကျဆင်းခြင်းနဲ့အတူ ဟင်းရွက်ဆီဈေးနှုန်းတွေရဲ့ တန်ဖိုးလည်းကျဆင်းခဲ့ပါတယ်။

 

ကမ္ဘာ့စီးပွားရေးနှေးကွေးကျဆင်းမှုတွေအပေါ် စိုးရိမ်စိတ်တွေရှိလင့်ကစား သကြားဈေးနှုန်းတွေလည်း လေးရာခိုင်နှုန်းလောက်ကျဆင်းခဲ့ပါတယ်။ နို့မှုန့်ဈေးနှုန်းတွေနဲ့ ထောပတ်ဈေးနှုန်းတွေကျဆင်း ခဲ့သော်လည်း ဒိန်ခဲဈေးနှုန်းကတော့ တည်ငြိမ်လျက်ရှိပါတယ်။ ထို့အတူအသားဈေးနှုန်းများလည်း ဆက်လက်ပြီး အကျဘက်ကို ဦးတည်နေပါတယ်။

 

အခုလို နိုင်ငံတကာကုန်ဈေးနှုန်းတွေ ကျဆင်းလာတဲ့အပေါ် ဝမ်းသာစွာ ကြိုဆိုလိုက်သော်လည်း ကမ္ဘာ့စားနပ်ရိက္ခာနဲ့ ကုန်ဈေးနှုန်းများဟာ အမြင့်ဆုံးအဖြစ် ဆက်လက်ရှိနေဆဲ ဖြစ်ပါကြောင်း။ ။

 

ကိုးကား - ဆင်ဟွာ