ကမ္ဘာ့ဗိုဗီနမ်ချိန်ပီယံရှစ်ပြိုင်ပွဲတွင် အောင်ပွဲရမြန်မာအားကစားသမားများ ပြန်လည်ရောက်ရှိ

ရန်ကုန် ၂၂ ဒီဇင်ဘာ 

ကမ္ဘောဒီးယားနိုင်ငံ၌ ဒီဇင်ဘာ ၁၆ ရက်မှ ၂၂ ရက်အထိ ကျင်းပခဲ့သည့် (၆)ကြိမ်မြောက် ကမ္ဘာ့ဗိုဗီနမ် ချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာအသင်းအနေဖြင့် ရွှေတံဆိပ် နှစ်ခု၊ ငွေတံဆိပ် ငါးခု၊ ကြေးတံဆိပ် ‌ခြောက်ခု စုစုပေါင်း ဆုတံဆိပ် ၁၃ ခု ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံကိုယ်စားပြုအသင်းသည် ယနေ့မွန်းလွဲပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိရာ မြန်မာနိုင်ငံ ဗိုဗီနမ်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရဲမြင့်နှင့်အမှုဆောင်များ၊ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ဒုတိယကျောင်းအုပ်ကြီး ဦးဗလကျော်သူနှင့် အားကစားသမားများ၊ မိသားစုဝင်များက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် သောင်းသောင်းဖျဖျ ကြိုဆိုဂုဏ်ပြုကြသည်။

 

a

 

အဆိုပါပြိုင်ပွဲတွင် မြန်မာအသင်းသည် ပြိုင်ပွဲအမျိုးအစား ၁၃ မျိုး ဝင်ရောက်ယှဉ်ပြိုင်ရာ အမျိုးသားတစ်ဦးချင်းလက်အပြတွင် မောင်ဟိန်းထက်‌အောင်က ရွှေတစ်ခု၊ အမျိုးသမီး တစ်ဦးချင်းလက်အပြတွင် မမေဟန်နီအောင်လွင်က ရွှေတစ်ခု၊ အမျိူးသားနှစ်ယောက်တွဲအပြတွင် မောင်မနားကွီးနှင့် မောင်ဘိုဘို၊ အမျိူးသမီးတစ်ကိုယ်တော် ဓားတစ်လက်အပြတွင် မမေဟန်နီအောင်လွင်၊ အမျိုးသမီး တစ်ကိုယ်တော် ဓားမြှောင်အပြတွင် မခိုင်ဝါဖူး၊ အမျိုးသမီးတစ်ကိုယ်တော် အတိုက် (၆၆)ကီလိုတွင် မမြသိန်းစု၊ တစ်ဦးချင်းအပြတွင် မောင်ဘိုဘိုတို့က‌ ငွေတံဆိပ်တစ်ခုစီ၊ အမျိုးသား နှစ်ယောက်တွဲအပြတွင် မောင်မနားကွီးနှင့် မောင်ဟိန်းထက်အောင်၊ အမျိူးသမီးတစ်ကိုယ်တော်အပြတွင် မခိုင်ဝါဖူး၊ အမျိူးသားတစ်ဦးချင်းအတိုက် (၆၀) ကီလိုတန်းတွင် မောင်ဟိန်းထက်အောင်၊ အမျိူးသမီး တစ်ဦးချင်းအတိုက် (၅၇)ကီလိုတန်းတွင် မနီလာထွန်း၊ အမျိုးသမီး တစ်ဦးချင်းအတိုက် (၆၀)ကီလိုတန်းတွင် မခိုင်ဝါဖူး၊ အမျိုးသားအပြတွင် မောင်မနားကွီးတို့က ကြေးတံဆိပ်တစ်ခုစီ အသီးသီးဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲတွင် ရှရှား၊ ဂျပန်၊ ကိုရီးယား၊ အယ်ဂျီးရီးယား၊ အာဖဂန်နစ္စတန်၊ အီရန်၊ အီရတ်နှင့် အာဆီယံနိုင်ငံများ အပါအဝင် နိုင်ငံ‌ပေါင်း ၂၄ နိုင်ငံတို့က ဝင်‌ရောက်ယှဉ်ပြိုင်ခဲ့ကြ‌ကြောင်း သိရသည်။

သတင်းနှင့်ဓာတ်ပုံ-တင်စိုး(မြန်မာ့အလင်း)