ကမ္ဘာ့ဘိလိယက် Long Up ပြိုင်ပွဲတွင် မြန်မာကစားသမားသုံးဦး ယှဉ်ပြိုင်မည်

၂၉  စက်တင်ဘာ

 

အပြည်ပြည်ဆိုင်ရာ ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်က ကြီးမှူးကျင်းပမည့် ၂၀၁၉ ကမ္ဘာ့ဘိလိယက် Long Up ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် ဘိလိယက်ကစားသမားသုံးဦး ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။

 

ယင်းပြိုင်ပွဲကို အောက်တိုဘာ ၆ ရက်မှ ၁၂ ရက်အထိ သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့၌ ကျင်းပမည်ဖြစ်ပြီး မြန်မာဘိလိယက်အဖွဲ့အနေဖြင့် နေသွေးဦး၊ ချစ်ကိုကို၊ ပေါက်စတို့သုံးဦးဖြင့် ယှဉ်ပြိုင်မည်ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်သည် မြန်မာနိုင်ငံ၌ ကျင်းပသည့် ကမ္ဘာ့ဘိလိယက်ပြိုင်ပွဲတွင် 150 Up ပြိုင်ပွဲကိုသာ ကမ္ဘာ့ချန်ပီယံအဖြစ် သတ်မှတ်ခဲ့ပြီး Long Up ပြိုင်ပွဲကို မြန်မာအိုးပင်းချန်ပီယံအဖြစ်သာ သတ်မှတ်သောကြောင့် ကမ္ဘာ့ဘိလိယက် Long Up ပြိုင်ပွဲကို သြစတြေးလျနိုင်ငံ၌ ထပ်မံကျင်းပခြင်းဖြစ်သည်။

 

မြန်မာဘိလိယက်အဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်မည့် ကစားသမားများအနက် နေသွေးဦးနှင့် ချစ်ကိုကိုမှာ ဆီးဂိမ်းပြိုင်ပွဲ ယှဉ်ပြိုင်မည့်သူများဖြစ်ပြီး ပေါက်စမှာမူ ပြီးခဲ့သည့် ကမ္ဘာ့ဘိလိယက် (မြန်မာအိုးပင်း) Long Up ပြိုင်ပွဲတွင် တတိယဆုရခဲ့သောကြောင့် ယှဉ်ပြိုင်ခြင်းဖြစ်သည်။ စက်တင်ဘာ ၁၀ ရက်မှ ၂၅ ရက်အထိ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် ကမ္ဘာ့ဘိလိယက်နှင့် စနူကာပြိုင်ပွဲတွင် မြန်မာအသင်းအနေဖြင့် ဘိလိယက်ပြိုင်ပွဲ၌ ငွေတစ်ခု၊ ကြေးနှစ်ခု ဆွတ်ခူးရရှိခဲ့သည်။ ငွေတံဆိပ်ဆုကို နေသွေးဦးက 150 Up ပြိုင်ပွဲနှင့် ကြေးတံဆိပ်နှစ်ခုကို Long Up ပြိုင်ပွဲမှ နေသွေးဦးနှင့် ပေါက်စတို့က ရရှိခဲ့သည်။

 

မြန်မာဘိလိယက်အဖွဲ့သည် ၂၀၁၉ ဆီးဂိမ်းပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ဝင်ရောက် ယှဉ်ပြိုင်ခြင်းဖြစ်သည်။

 

သတင်း-ရဲရင့်ရှိုင်း

ဓာတ်ပုံ-စိုးညွန့်