ကမ္ဘာ့အချမ်းသာဆုံးလက်ဝှေ့သမား ၁၀ ဦးစာရင်းမှာ ဖလွိုက်မေဝယ်သာ ထိပ်ဆုံးက ရပ်တည်နေ

အမေရိကန်ပရော်ဖက်ရှင်နယ်လက်ဝှေ့သမား ဖလွိုက်မေဝယ်သာဟာ လက်ရှိ ကမ္ဘာ့အချမ်းသာဆုံး လက်ဝှေ့သမား ၁၀ ဦးစာရင်းမှာ ထိပ်ဆုံးက ရပ်တည်နေတယ်လို့ သည်ဆန်းသတင်းဌာနက သတင်းဖော်ပြထားပါတယ်။

ဖလွိုက်မေဝယ်သာဟာ ဖယ်သာဝိတ်၊ လိုက်ဝိတ်၊ လိုက်ဝယ်တာဝိတ်၊ ဝယ်တာဝိတ်နဲ့ လိုက်မစ်ဒယ်ဝိတ် ပြိုင်ပွဲတွေမှာ ပြိုင်ပွဲ ၅၀ အထိ အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး လက်ရှိကမ္ဘာ့အချမ်းသာဆုံး လက်ဝှေ့သမားစာရင်းမှာ ပေါင်သန်း ၄၀၀ နဲ့ ထိပ်ဆုံးက ဦးဆောင်နေတာ ဖြစ်ပါတယ်။

ကမ္ဘာ့ဒုတိယအချမ်းသာဆုံးလက်ဝှေ့သမားအဖြစ် မှတ်တမ်းဝင်ခဲ့သူကတော့ အမေရိကန်လက်ဝှေ့ကျော် ဂျော့ဖိုးမန်းဖြစ်ပြီး ဂျော့ဖိုးမန်းဟာ လက်ဝှေ့သမားဘဝတစ်လျှောက် ၈၁ ပွဲ ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာမှာ ၇၆ ပွဲအထိ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ ဂျော့ဖိုးမန်းဟာ ပေါင် ၂၂၂ သန်းနဲ့ ဒုတိယအချမ်းသာဆုံး လက်ဝှေ့သမားအဖြစ် ရပ်တည် နေတာ ဖြစ်ပါတယ်။

ဖလွိုက်မေဝယ်သာနဲ့ ဂျော့ဖိုးမန်းတို့ရဲ့ နောက်မှာ ဖိလစ်ပိုင်လက်ဝှေ့ကျော် ပက်ကွီယိုက ပေါင် ၁၆၃ သန်းနဲ့ တတိယ၊ အော်စကာဒီလာဟိုယာက ပေါင် ၁၄၈ သန်းနဲ့ စတုတ္ထ၊ ကာနယ်လိုအယ်ဗာရက်က ပေါင် ၁၀၅သန်းနဲ့ ပဉ္စမ၊ လန်နော့လီဝစ်က ပေါင် ၁၀၃ သန်းနဲ့ ဆဋ္ဌမ၊ တိုင်ဆန်ဖူရီက ပေါင်သန်း ၁၀ဝ နဲ့ သတ္တမ၊ ဆူဂါရေးလီယိုနာ့ဒ်က ပေါင် ၈၈ သန်းနဲ့ အဋ္ဌမ၊ အန်သိုနီဂျိုရှူယာက ပေါင်သန်း ၆၀ နဲ့ နဝမ၊ ဝလာဒီမာ ကလစ်ချန်ကိုက ပေါင် ၅၈ သန်းနဲ့ ဒသမ စသဖြင့် ကမ္ဘာ့အချမ်းသာဆုံးလက်ဝှေ့သမား ၁၀ ဦး စာရင်းမှာ အသီးသီးရပ်တည်နေတာ ဖြစ်ပါတယ်။

ငွေကြယ်