ကလိန်အောင်မြို့၌ ကွမ်းသီးပင်စနစ်တကျ စိုက်ပျိုးထိန်းသိမ်းခြင်းနည်းနှင့် ပိုးမွှားရောဂါကာကွယ်နှိမ်နင်းခြင်း နည်းပညာပေးဆွေးနွေးပွဲကျင်းပ

ကလိန်အောင် ၁၉  စက်တင်ဘာ 

 

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့ အမှတ်(၃)ရပ်ကွက်ရှိ စိုက်ပျိုးရေးဦးစီးဌာန ရုံး၌ ယမန်နေ့ မနက်ပိုင်းက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများမှ တောင်သူများအား ကွမ်းသီးပင်စနစ်တကျ စိုက်ပျိုးထိန်းသိမ်းခြင်းနည်းနှင့် ပိုးမွှားရောဂါကာကွယ်နှိမ်နင်းခြင်း နည်းပညာပေးဆွေးနွေးပွဲ ကျင်းပခဲ့သည်။

 

ဆွေးနွေးပွဲတွင် ရေဖြူမြို့နယ် ကံပေါက်ဒေသရှိ တိုတယ်ကုမ္ပဏီ ရတနာလူမှုစီးပွားစီမံကိန်း (စိုက်ပျိုးရေးဌာန)မှ စိုက်ပျိုးရေးနှင့် မွေးမြူရေးတာဝန်ခံ ဦးစိုင်းစံပွင့်က တက်ရောက်လာကြသော တောင်သူများအား ကွမ်းသီးပင်စိုက်ပျိုးခြင်းနှင့် ပတ်သက်၍ ပင်စည်နေလောင်ခြင်းအကြောင်း၊ ကွမ်းပင်ပန်းခိုင်ခြောက်ရခြင်းအကြောင်း၊ အပင်မျိုးရွေးချယ်နည်းအကြောင်း၊ အပင်စိုက်ပျိုးနည်းစနစ်၊ အပင်ငယ်ချိန်မှာ အသီးမတင်ဘဲ အသီးကွဲကြေရခြင်းအကြောင်း၊ အပင်အူတိုင်ပုပ်ကျခြင်း၊ အစိုဓာတ်ထိန်းသိမ်းရေးနှင့် မြေသြဇာကျွေးနည်းစနစ်များအကြောင်း၊ ကွမ်းသီးမျိုးများအကြောင်း၊ ပျိုးခြံတည်ထောင်ခြင်းကြောင့် ရရှိသည့်အကျိုးကျေးဇူးများအကြောင်း၊ ပျိုးထောင်နည်း၊ ကွမ်းသီးနှင့် သီးညှပ်စိုက်ပျိုးသင့်သောအပင်များအကြောင်းနှင့် ပိုးမွှားရောဂါကာကွယ်နှိမ်နင်းနည်းအကြောင်း စသည့်တို့ကို ဆွေးနွေးပြောကြားခဲ့သည်။

 

ထို့နောက် တက်ရောက်လာကြသော တောင်သူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ စိုက်ပျိုးရေးနှင့် မွေးမြူရေး တာဝန်ခံ ဦးစိုင်းစံပွင့်က ပြန်လည်ဖြေကြားပေးခဲ့သည်။

 

အဆိုပါ ဆွေးနွေးပွဲအခမ်းအနားသို့ ရေဖြူမြို့နယ် ကံပေါက်ဒေသရှိ တိုတယ်ကုမ္ပဏီ ရတနာလူမှုစီးပွားစီမံကိန်း(စိုက်ပျိုးရေးဌာန)မှ စိုက်ပျိုးရေးနှင့် မွေးမြူရေး တာဝန်ခံ ဦးစိုင်းစံပွင့်နှင့် အဖွဲ့၊ ကလိန်အောင်မြို့ပေါ်ရပ်ကွက်များနှင့် ဇင်းဘာကျေးရွာ၊ ကျောက်ရှပ်ကျေးရွာ၊ မိကျောင်းလှောင်း ကျေးရွာ၊ ကော့လှိုင်ကျေးရွာများတို့မှ တောင်သူ (၂၇)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

ကလိန်အောင် (ပြန်/ဆက်)