ကလေးတွေ အအေးမိတုပ်ကွေးမဖြစ်စေဖို့ ဘယ်လိုကာကွယ်မလဲ

၁၅  ဒီဇင်ဘာ

ဘယ်ရောဂါမဆို မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်တာ အကောင်းဆုံးပါပဲ။ အခုလို ပူလိုက်၊ အေးလိုက်ဖြစ်နေတဲ့ ရာသီဥတုမှာ ကလေးတွေတင်မကပါဘူး။ လူကြီးတွေလည်း မကြာခဏ အအေးမိဖျားနာဖြစ်လိုက်၊ နှာစေးချောင်းဆိုးလိုက်နဲ့ ဝေဒနာတွေကို ခံစားနေကြရတာပါ။

အအေးမိတုပ်ကွေးရောဂါဟာ ဗိုင်းရပ်စ်ပိုးကနေတစ်ဆင့် အများဆုံး ကူးစက်ပြီး ရောဂါပိုးဟာ အသက်ရှူလမ်းကြောင်းထဲကို ဝင်ရောက်ပြီး ကူးစက်ပါတယ်။ ပိုးတွေ ပွားလာတဲ့အခါမှာ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်း၊ နှာစေးခြင်း၊ မျက်ရည်ပူကျခြင်း စတဲ့ ရောဂါလက္ခဏာတွေအပြင် အပြင်းဖျားတာ၊ ကြွက်သား နာကျင်ကိုက်ခဲလာတဲ့အထိ ပြင်းထန်နိုင်ပါတယ်။

ကလေးများနဲ့ အအေးမိတုပ်ကွေးရောဂါ

အသက်ငယ်တဲ့ ကလေးတွေမှာ ကိုယ်ခံအားနည်းတဲ့အတွက် လူကြီးတွေထက် ပိုပြီး ဖျားနာနိုင်ခြေ၊ ရောဂါပိုးကူးစက်နိုင်ခြေ ပိုများပါတယ်။ အရွယ်ငယ်သေးတဲ့ ကလေးတွေ အထူးသဖြင့် အသက် နှစ်အောက် ကလေးတွေမှာ အအေးမိတုပ်ကွေး ကူးစက်နိုင်ခြေ မြင့်တဲ့အပြင် သေဆုံးနိုင်သည်အထိ ရောဂါလက္ခဏာ ပြင်းထန်နိုင်ပါတယ်။ ဒါကြောင့် ကလေးတွေ အအေးမိတုပ်ကွေး မဖြစ်စေဖို့ ဘယ်လိုကာကွယ်ပေးလို့ရမလဲဆိုတာ ပြောပြပေးချင်ပါတယ်။

၁။ တုပ်ကွေးကာကွယ်ဆေး ထိုးပေးပါ။

အသက် ၆လနဲ့ အထက် ကလေးတိုင်းကို တုပ်ကွေးကာကွယ်ဆေး နှစ်စဉ် ထိုးပေးဖို့ လိုအပ်ပါတယ်။ တုပ်ကွေးကနေ တစ်ဆင့် ပိုပြင်းထန်တဲ့ ရောဂါတွေ ဖြစ်လာနိုင်တဲ့အတွက် တုပ်ကွေးကာကွယ်ဆေးကို မပျက်မကွက် ထိုးပေးရပါမယ်။

အသက် ၆လ မပြည့်သေးတဲ့ ကလေးတွေကိုတော့ တုပ်ကွေးကာကွယ်ဆေး ထိုးပေးလို့ မရတဲ့အတွက် မိဘတွေ၊ ကလေးကို ပြုစုစောင့်ရှောက်တဲ့ အုပ်ထိန်းသူတွေ၊ အနီးအနားမှာရှိနေတဲ့ မိသားစုဝင်တွေက ထိုးထားဖို့ လိုအပ်ပါတယ်။ ကိုယ့်မှာ အအေးမိတုပ်ကွေး ဖြစ်နေတယ်လို့ သံသယရှိရင်တော့ ကလေးနဲ့ နီးနီးကပ်ကပ်နေတာမျိုး မလုပ်သင့်ပါဘူး။

၂။ လက်ကို သေချာဆေးကြောပါ။

လက်ဆေးတဲ့ အလေ့အကျင့်ဟာ ကလေးတွေကို အအေးမိဖျားနာ ကူးစက်နိုင်ခြေကို အများအပြား လျှော့ချပေးနိုင်ပါတယ်။ ကလေးတွေဟာ အရာဝတ္ထုတွေကိုင်တွယ်ပြီး၊ လူတွေနဲ့ ထိတွေ့ပြီး လက်သေချာဆေးဖို့ မေ့တတ်ပါတယ်။ မသန့်ရှင်းတဲ့လက်နဲ့ ပါးစပ်၊ နှာခေါင်းထဲ ထည့်မိတဲ့အခါ၊ ထမင်းစားမိတဲ့အခါမှာ လက်မှာရှိတဲ့ ရောဂါပိုးမွှားတွေက ဗိုက်ထဲကို ဝင်ပြီး ဖျားနာတာ၊ ဗိုက်အောင့်တာတွေ ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် ကလေးတွေကို ငယ်စဉ်ကတည်းက လက်သေချာဆေးဖို့ အလေ့အကျင့်လုပ်ပေးထားပါ။

လက်ဆေးတဲ့အခါမှာ ရေအေး ဒါမှမဟုတ် ရေနွေးနဲ့ လက်ကို အရင်စိုစွတ်အောင် လုပ်ပါ။

ပြီးရင် ရေပိတ်ပြီး ဆပ်ပြာတိုက်ပါ။

ဆပ်ပြာတိုက်တဲ့အခါမှာ အမြှုပ်ထအောင် တိုက်ဖို့ အရေးကြီးပါတယ်။ လက်ချောင်းကြား၊ လက်သည်းကြား၊ လက်ဖမိုး နေရာအနှံ့ကို ဆပ်ပြာနဲ့ နှံ့စပ်အောင် တိုက်ပေးပါ။

အနည်းဆုံး စက္ကန့် ၂၀လောက် တိုက်ပြီးသွားပြီဆိုတော့မှ ရေနဲ့ ဆပ်ပြာတွေ ပြောင်စင်အောင် ဆေးကြောပါ။

သန့်ရှင်းတဲ့ လက်သုတ်ပဝါနဲ့ လက်ကို ခြောက်အောင် သုတ်ပါ။

ကိုယ့်ရဲ့ ကလေး လက်သေချာ ဆေးကြောတတ်ဖို့အတွက် လူကြီးတွေက ဘေးနားကနေ အရင်လုပ်ပြပါ။ ပြီးတော့မှ ကလေးတွေကို ကိုယ်တိုင် ဆေးကြောခိုင်းကြည့်ပါ။ အစာမစားခင်နဲ့ အစာစားပြီးချိန်၊ အိမ်သာတက်ပြီး ထွက်လာတဲ့အခါ၊ ကစားပြီးတဲ့အခါ၊ အပြင်က ပြန်လာတဲ့အခါနဲ့ ဘယ်အရာဝတ္ထုကိုမဆို ကိုင်တွယ်ပြီးတိုင်း လက်ကို သေချာဆေးကြောဖို့အတွက် အလေ့အကျင့် လုပ်ထားပေးပါ။

၃။ လက်သန့်စင်ဆေးရည်ကို ဆောင်ထားပါ။

အလွယ်တကူ လက်ဆေးလို့ မရတဲ့ နေရာကို ရောက်နေတဲ့အခါမှာ လက်သန့်စင်ဆေးရည်တွေဟာ အသုံးဝင်ပါတယ်။ လက်ပေါ်က ဘက်တီးရီးယားပိုးတွေကို သေစေဖို့ အနံ့သိပ်မပြင်းတဲ့ လက်သန့်စင်ဆေးရည်တွေကို အသုံးပြုလို့ ရပါတယ်။ အယ်လ်ကိုဟောလ် အနည်းဆုံး ၆၀ ရာခိုင်နှုန်း ပါဝင်တဲ့ လက်သန့်စင်ဆေးရည်မျိုးတွေကို ဝယ်ထားပြီး ကလေးတွေ အိတ်ထဲမှာ ဆောင်ပေးထားပါ။ သတိထားရမှာကတော့ လက်သန့်စင်ဆေးရည်တွေဟာ လက်အတွက် သီးသန့်အသုံးပြုရတာ ဖြစ်ပြီး ပါးစပ်ထဲကို ဝင်တဲ့အခါ အဆိပ်အတောက်ဖြစ်စေတတ်တယ်ဆိုတာကို ကလေးတွေ မှာထားပေးဖို့ လိုပါတယ်။

၄။ လက်ကိုင်ပဝါကို အသုံးပြုပြီး ချောင်းဆိုးပါ။

လက်ကိုင်ပဝါနဲ့ ပါးစပ်အုပ်ပြီး ချောင်းဆိုး၊ နှာချေတဲ့အခါမှာ ကိုယ့်မှာ ရှိတဲ့ရောဂါပိုးတွေကို သူများတွေဆီ မကူးစက်နိုင်တော့ပါဘူး။ ဒါကြောင့် ကလေးတွေကို ချောင်းဆိုး၊ နှာချေတဲ့အခါ လက်ကိုင်ပဝါ ဒါမှမဟုတ် တစ်သျှူးနဲ့ ပါးစပ်ကို အုပ်တဲ့ အလေ့အကျင့်ကို လုပ်ပေးထားပါ။

၅။ ကျန်းမာရေးကို ဂရုစိုက်ပါ။

အဓိကအနေနဲ့ အိပ်ချိန်မှန်ရပါမယ်။ အိပ်ချိန်မှန်မှ ကိုယ်ခံအားကောင်းပြီး ဝင်လာမယ့် ရောဂါပိုးတွေကို ကောင်းကောင်းခုခံနိုင်မှာပါ။ ကလေးတွေအတွက် ဗီတာမင်ဓါတ်ပေါကြွယ်ဝပြီး အာဟာရလည်းရှိတဲ့ အစားအစာတွေကို ကိုယ်တိုင်ချက်ပြုတ်ပေးပါ။ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေ၊ အသား၊ ငါး၊ ပဲ၊ ဥ၊ အစေ့အဆန် အစရှိသဖြင့် အမျိုးအစားစုံလင်အောင် ချက်ပြုတ်ကျွေးမွေးဖို့ အရေးကြီးပါတယ်။

လူကြီးတွေအနေနဲ့ ဘာတွေ လုပ်ပေးလို့ ရမလဲ။

တုပ်ကွေးကာကွယ်ဆေးကို လူကြီးတွေလည်း နှစ်စဉ် ထိုးပေးရပါမယ်။ အထူးသဖြင့် အရွယ်ငယ်သေးတဲ့ ကလေးတွေကို အုပ်ထိန်းနေရတဲ့ လူကြီးတွေဆိုရင် ပိုပြီးတောင် ကိုယ့်ရဲ့ ကျန်းမာရေးကို ဂရုစိုက်ပေးဖို့ လိုပါတယ်။ လူထူထပ်တဲ့နေရာတွေ သွားတဲ့အခါ ကလေးတွေကို ခေါ်သွားတာမျိုး တတ်နိုင်သလောက် ရှောင်သင့်ပါတယ်။

အအေးမိတုပ်ကွေးဟာ လေထဲကနေတစ်ဆင့် အလွယ်တကူ ကူးစက်နိုင်တဲ့အတွက် မိသားစုဝင်တွေမှာ တုပ်ကွေးဖြစ်နေပြီဆိုရင် ကိုယ့်ကလေးနဲ့ နီးနီးကပ်ကပ် မနေသင့်ပါဘူး။ ကိုယ့်ရဲ့ ကလေး ဖျားနေတယ်လို့ သံသယရှိပြီဆိုရင် နီးစပ်ရာဆေးခန်းကို သွားပြီး တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ကိုယ့်ရဲ့ ကလေး ကျန်းမာရေးအခြေအနေကို သေချာဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ရေးသားသူ Ye Myo Myat

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

ယခုဆောင်းပါးကို Myanmar Digital News မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်