ကလေးသူငယ်များအား လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တဲ့ ဝက်ဘ်ဆိုက်ကို ဝင်ရောက်ရှာဖွေရာမှ ကလေး ၅၀ ကယ်တင်နိုင်ခဲ့ကြောင်း နိုင်ငံတကာရဲတပ်ဖွဲ့ပြောကြား

၂၄ မေ

 

ကလေးသူငယ်များအား လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်သည့် ဝက်ဘ်ဆိုက်ကို ဝင်ရောက်ရှာဖွေရာမှ ထိုင်း၊ သြစတြေးလျ နဲ့ အမေရိကန်နိုင်ငံများမှ လူ ၉ ဦးကို ဖမ်းဆီးနိုင်ပြီး ကလေး အယောက် ၅၀ ကို ကယ်တင်နိုင်ကြောင်း နိုင်ငံတကာရဲတပ်ဖွဲ့ (အင်တာပို) က ကြာသပတေးနေ့ က ပြောကြားပါတယ်။ 

 

နိုင်ငံပေါင်း ၆၀ လောက်က ရဲတပ်ဖွဲ့ဝင်များပါဝင်တဲ့ နိုင်ငံတကာရဲတပ်ဖွဲ့ ကနေ ဖုံးကွယ်ထားသော အမှောင်ဝက်ဘ်ဆိုက်ကို လွန်ခဲ့တဲ့ နှစ်နှစ် ကတည်းက စီမံကိန်းနဲ့ ဝင်ရောက်ရှာဖွေနေရာ  အဲဒီဝက်ဘ်ဆိုက်ကို ကမ္ဘာတစ်ဝန်းက လူပေါင်း ခြောက်သောင်းသုံးထောင်လောက် အသုံးပြုထားကြောင်း သိရပါတယ်။  

 

ဖုံးကွယ်ထားသော အမှောင်ဝက်ဆိုက်ဟာ search engines ကနေ ဝင်ရောက်လို့ မရဘဲ ဝက်ဘ်ဆိုက်လိပ်စာ URL ကနေ တစ်ဆင့်သာ သွားရောက်နိုင်တယ်လို့ သိရပါတယ်။ 

 

၂၀၁၈ ခုနှစ်က ဝက်ဘ်ဆိုက်နဲ့ ပတ်သက်သူများကို ပထမဦးဆုံးအနေနဲ့ ဖမ်းဆီးရရှိခဲ့တာဖြစ်ပါတယ်။ ဝက်ဘ်ဆိုက် စီမံခန့်ခွဲသူ မွန်ထရီ စလန်ဂန်ကို ထိုင်းနိုင်ငံမှာ ဖမ်းဆီးရရှိခဲ့ပြီး ဝက်ဘ်ဆိုက်စီမံခန့်ခွဲသူ နောက်တစ်ဦးဖြစ်တဲ့ ရူချာ တို့ပူဇာကို သြစတြေးလျနိုင်ငံမှာ ဖမ်းဆီးရရှိခဲ့ပါတယ်။  ၂၀၁၈ ဇွန်လ က စလန်ဂန် ကို ထိုင်းနိုင်ငံတရားရုံးတွေ ကနေ ထောင်ဒဏ် ၁၄၆ နှစ် ၊ စလန်ဂန်နဲ့ အဆက်စပ်ရှိသူ မူကြိုကျောင်းဆရာကို ထောင်ဒဏ် ၃၆ နှစ် အသီးသီးချမှတ်ခဲ့ကြောင်း သိရပါတယ်။ 

 

အသက် ၃၁ နှစ်အရွယ် တို့ပူဇာကိုတော့ ပြီးခဲ့တဲ့ သောကြာနေ့က သြစတြေးလျနိုင်ငံက တရားရုံးတစ်ရုံးက ထောင်ဒဏ် အနှစ် ၄၀ ချမှတ်ခံခဲ့ကြောင်း သိရပါတယ်။ တို့ပူဇာဟာ ပြစ်မှုတွေကို ၂၀၁၁ ခုနှစ်ကနေ ၂၀၁၈ ခုနှစ် အတွင်း ၁၅ လသားအရွယ် ကလေးငယ်အပါအဝင် ကလေးသူငယ် ၁၁ ဦးအပေါ်မှာ  ပြစ်မှုပေါင်း ၅၀ ကျူးလွန်ခဲ့ကြောင်း သြစတြေးလျ သတင်းဌာနရဲ့ သတင်းအရ သိရပါတယ်။ 

MDN
ကိုးကား - AFP