ကလေးသူငယ်လုံခြုံစိတ်ချရေးဝိုင်းဝန်း

ယနေ့ကာလတွင် ကလေးသူငယ်များ လုံခြုံစိတ်ချမှုရှိရေးအတွက်လူထုလူတန်းစားအသီးသီးတွင် ပြောဆိုနေမှုများကို ကြားသိနေရပေ သည်။ အထူးသဖြင့် လူ့ဘောင်လောကအတွင်း စက်ဆုပ်ရွံရှာဖွယ်၊ စိတ်မချမ်းမြေ့ဖွယ်ဖြစ်သည့် သက်ငယ်မုဒိမ်းမှုများ ဖြစ်ပွားလာခဲ့ပြီး ယင်းအမှုများကို ပြည်သူလူထုတစ်ရပ်လုံးက ဝိုင်းဝန်းဆန့်ကျင် ရှုတ်ချ နေကြသည်။

ကလေးသူငယ်ဟူသည်မှာ အသိမကြွယ်သေးသည့် နုနယ်သော အရွယ်ဖြစ်၍ ၎င်းတို့ကို လူကြီးမိဘ အုပ်ထိန်းသူများက မျက်ခြည်မပြတ်ဂရုစိုက်၍ ပြုစုစောင့်ရှောက်ပေးရမည်ဖြစ်သည်။ ကလေးသူငယ်သည်အသက် ၁၆ နှစ်အောက် အရွယ်များအားလုံးဖြစ်ပြီး အသက် ငါး နှစ်အောက်မှာ လူမမည်၊ အသက် ၁၀ နှစ်အောက်ခြောက်နှစ်အထိမှာ သက်ငယ်ဖြစ်သည်။ အသက် ၁၀ နှစ်အထက်မှာ အသိဥာဏ်ဖွံ့ဖြိုးစ ကလေးလူငယ်ဖြစ်သည်။ ယင်းတို့တွင် အသက်ငါးနှစ်အောက်အရွယ်ကိုမိဘအုပ်ထိန်းသူများ ရင်အုပ်မကွာစောင့်ရှောက်ရမည်ဖြစ်သည်။

ယခုအခါ လူမမည်ကလေးငယ်များကို မိဘအုပ်ထိန်းသူများအနေဖြင့်အကြောင်းအမျိုးမျိုးကြောင့် ရင်အုပ်မကွာ စောင့်ရှောက်မှုမပြုနိုင်သဖြင့်ကာမမုဆိုးလက်တွင်းသို့ သက်ဆင်းကြရသည်ကို ကြားသိနေရပါသည်။ လူမမည်ကျူးလွန်ခံရသည့်အမှု ၂၀၁၇ ခုနှစ်တွင် ၂၇ မှု၊ ၂၀၁၈ ခုနှစ်တွင်၃၁ မှုနှင့် ယခုနှစ်ဝက်တွင် ငါးမှုဖြစ်ခဲ့သည်။ အသက် ၁၆ နှစ်အောက်သက်ငယ်မုဒိမ်းမှုစုစုပေါင်းမှာ ၂၀၁၇ ခုနှစ်တွင် ၈၉၈ မှုဖြစ်ပွားခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ၁၀၃၁ မှုဖြစ်ပွားခဲ့ကာ ယခုနှစ်ဝက်တွင် ၁၉၂ မှုဖြစ်ပွားခဲ့သဖြင့်ယခုနှစ်တွင် ဖြစ်ပွားမှုလျော့ကျသည်ဟု ဆိုနိုင်သည်။

သို့သော်လည်း စိတ်မချမ်းမြေ့ဖွယ် လူမမည်ကလေးအရွယ်များ ဖြစ်ပွားခဲ့ခြင်းကြောင့် ပြည်သူများကြားတွင် စိတ်ဆိုးဒေါသထွက်မှုများ၊ ဆန့်ကျင်ကန့်ကွက်မှုများရှိလာသည်။ ယင်းနှင့်ပတ်သက်၍ ပြည်သူများ အကြား အသိပညာပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများက ပညာပေး လျက်ရှိရာ သ က်ဆိုင်ရာဌာနဖြစ်သည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ “သက်ငယ်မုဒိမ်းမှုကင်းစင်ရေး အားလုံးပူးပေါင်းပါဝင်ပေး” အသိပေးနှိုးဆော်ချက်ကို မှတ်သားလိုက်နာ ရမည်ဖြစ်သည်။

သက်ငယ်မုဒိမ်းမှုသည် အခြေအနေ အချိန်အခါမရွေး ဖြစ်ပွားနိုင်သည့်အမှုဖြစ်ပြီး ကျူးလွန်ခံရသည့် ကလေးငယ်နှင့် မိဘပတ်ဝန်းကျင်အတွက် ထိခိုက်နစ်နာကြေကွဲစရာဖြစ်သည်။ အမိုက်မှောင်ဖုံး ကျူးလွန်သူအဖို့ လူမှုပတ်ဝန်းကျင်တွင် ကြီးမားသောပြစ်ဒဏ်ခတ်ခြင်းခံရပြီး ပြစ်မှုကြောင်းအရ ထောင်ဒဏ်နှစ် ၂၀ အထိ အပြစ်ဒဏ်ခံရမည်ဖြစ်သည်။ ထို့ကြောင့် အဆိုပါအမှုကိစ္စမဖြစ်ပွားစေရေး သတိကြီးစွာထားကြရ မည်ဖြစ်သည်။အသိပေးထားသော သတိပြုရန်အချက်များမှာ နေအိမ်အဆောက်အဦမလုံခြုံခြင်း၊ ပတ်ဝန်းကျင်၏လူနေမှုဘဝ သို့မဟုတ် လူမှုရေး အခြေအနေ နိမ့်ကျခြင်း၊ အုပ်ထိန်းသူများ၏ စောင့်ကြပ်ထိန်းသိမ်းမှုကင်းကွာခြင်း၊ နေအိမ်၊ လမ်းခရီး၊ လူသူပြတ်လပ်သောနေရာများတွင်အဖော်မဲ့သွားလာနေထိုင်ခြင်း၊ အုပ်ထိန်းသူများက ပတ်ဝန်းကျင်၊ မိတ်ဆွေ၊ ဆွေမျိုးသားချင်းများအား ယုံကြည်မှုလွန်ကဲခြင်း၊ အိမ်ထောင်သည်များနှင့်မိသားစုဝင်များ အကာအရံမရှိ အတူတကွနေထိုင်ခြင်း၊ အရက်နှင့်စိတ်ကြွဆေးများ သုံးစွဲသူများပြားလာခြင်း၊ ညစ်ညမ်းပုံများ၊ ညစ်ညမ်း ဗီဒီယို၊ စာအုပ်၊ ဇာတ်လမ်းများ၊ ညစ်ညမ်းဝက်ဘ်ဆိုက်များ အလွယ်တကူကြည့်ရှုခြင်း စသည်တို့ဖြစ်၍ ယင်းတို့ကို သတိပြုဆောင်ရွက်ကြ ရမည်ဖြစ်သည်။

သို့ဖြစ်ရာ မုဒိမ်းမှုဟူသည် စက်ဆုပ်ရွံရှာဖွယ်အမှုဖြစ်၍ မည်သည့်မုဒိမ်းမှုကိုမဆို မဖြစ်ပွားစေရန် ယင်းအမှုကိုဖြစ်စေသည့် ပတ်ဝန်းကျင်နှင့်တွန်းအားများဖြစ်သော အလွယ်တကူရယူနိုင်သည့် ကွန်ပျူတာနှင့်လက်ကိုင်ဖုန်းများမှ ညစ်ညမ်းကာမအမှုများကို သတိပြုရှောင်ကြဉ်နိုင်ရန်ဝိုင်းဝန်းထိန်းသိမ်း တားဆီးကာကွယ်ရမည်ဖြစ်ပါကြောင်း။ ကြေးမုံ